
တောင်ကြီး ဇွန်-၅
၂၀၂၆ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကအဖွင့်မှာစကား ပြောကြားပြီး
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clipနှင့် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းအထက်တန်းအဆင့်တွင် တတိယဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မယ်ဟုတ်၊ တာချီလိတ်မြို့၏ VideoClipပြသသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆု၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအထက်တန်းအဆင့်တတိယဆု၊ မူလတန်းအဆင့် ဒုတိယဆုရရှိသည့်ကျောင်းများအား ကျောက်စီပန်းချီကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ပြည်နယ်အဆင့်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့ဆုနှင့် စက်ရုံဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောက်စီပန်းချီကားချပ်ကို လည်းကောင်း၊ ပြည်နယ်အဆင့် သန့်ရှင်းစိမ်းလန်းစိုပြည်သော ကျောင်းအထက်တန်းအဆင့် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းများအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောက်စီပန်းချီကားကိုလည်းကောင်း၊ အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောက်စီပန်းချီကားချပ်ကိုလည်း ကောင်းအသီးသီးချီးမြှင့်ပေးကြသည်။
ယင်းနောက် ပြည်နယ်အဆင့် သန့်ရှင်းစိမ်းလန်းစိုပြည်သော ကျောင်းဆုမူလတန်းအဆင့် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းများ၊ အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများ၊ ရှမ်းပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရန် ပါဝင်ကူညီလှူဒါန်းပေးသော အလှူရှင်များတို့ကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းတည့်(၁၂)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ (၄/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများဖြစ်သည့် တောင်ကြီးခရိုင်၊ ကလောခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင်၊ လင်းခေးခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်၊ လားရှိုးခရိုင်၊ တန့်ယန်းခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မက်မန်းခရိုင်တို့မှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်မှုအခြေအနေများအား တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး