Select Page

တောင်ကြီး အောက်တိုဘာ-၁၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက် တိုဘာ(၁၀)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ဆေးတက္ကသိုလ်(တောင်ကြီး)၌ သန့်ရှင်းသာယာလှပရေး အတွက် ဌာဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ဆေးတက္ကသိုလ်ဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်ဝန်းအတွင်းရှိ ပင်မအဆောင်၊ နှင်းဆီအဆောင်ကိုလည်းကောင်း၊ စပယ်ဆောင်၊ သင်ကြားရေး(၄)ထပ်အဆောင်ကို လည်းကောင်း၊ ဘက်စုံခန်းမတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ အောင်မင်္ဂလာကမ္ဘောဇအာရုံခံတန်ဆောင်းနှင့် သုံးထပ်ယာဥ်ရပ်နား ဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အလှူရှင် ကမ္ဘောဇဘဏ်နှင့်ကမ္ဘောဇအုပ်စုတည်ထောင်သူနှင့် ဧည့်ပရိတ်သတ်များက သြဝါဒါစရိယဆရာတော် ကြီးများထံ သရဏဂုံ၊ သီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ဆရာတော်ကြီးများဦးဆောင်၍ ပန္နက်တင်မင်္ဂလာနေရာဌာသို့ သတ်မှတ်နေရာ များတွင် နေရာယူကြပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို နမောတဿ(၃)ကြိမ် ပူဇော်ဖွင့်လှစ်ပေး၍ မင်္ဂလာအချိန်ကျရောက်သောအခါ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး အမှူးပြုသော ဧည့်သည့်တော် များမှ နေ့နာမ်အလိုက် ပန္နက်တိုင်များ စိုက်ထူပေးကာ အမွှေးနံ့သာ ပက်ဖျန်းပေးကြပြီး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ အုပ်စု၊ ကျောက်နီမွေးမြူရေးဇုန်သို့ သွားရောက်ကာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ရေပူ-ကျောက်နီလမ်း (မြေကတ္တရာခင်းခြင်း) (၃)ဖာလုံ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့