
တောင်ကြီး အောက်တိုဘာ-၁၂
၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်း တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ် ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ခြင်းကို အောက်တိုဘာ(၁၂)ရက် နံနက်ပိုင်းကကျင်းပရာ စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သော ပြေးခုန်ပစ် အသင်းအား ရှမ်းပြည်နယ်မှကြိုဆိုပါ၏ မုဒ်ဦးရှေ့ လမ်းဘေးဝဲ၊ယာမှ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြ၍လည်းကောင်း၊ တောင်ကြီးမြို့ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှေ့၊စဝ်စံထွန်း ဆေးရုံရှေ့၊ ပညာရေး ဒီဂရီကောလိပ်ရှေ့၊ မြို့မစျေးရှေ့၊ ဗိုလ်ချုပ်ပန်းခြံထောင့်ရှေ့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်း ကျောင်းရှေ့တို့တွင် လမ်းဘေးဝဲ၊ယာမှ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် မြို့တော်ခန်းမရှေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြု သင်တန်းသူများက ပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုကြသည်။
၎င်းနောက် မြို့တော်ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ ရှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော ပြေးခုန်ပစ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ကြသော ရှမ်းပြည်နယ် ပြေးခုန်ပစ် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် ပြေးခုန်ပစ် အသင်းအနေဖြင့် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် နောက်ယှဥ်ပြိုင်မည့် ပြိုင်ပွဲများတွင် ပိုမိုအောင်မြင်မှုရရှိရန်အတွက် တာဝန်ရှိသူများက လူရွေးချယ်ရေး စီမံချက်၊ လေ့ကျင့်ရေး စီမံချက်၊ အောင်နိုင်ရေးစီမံချက်များကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ပေးကြရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ရွေးစင်ကစားသမားအဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်လာအောင်အားလုံးက ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်း တံခွန်စိုက် ဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အသင်းမှ အုပ်ချုပ်သူနှင့်နည်းပြမှ တံခွန်စိုက်ဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးထံ အပ်နှံပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းတံခွန်စိုက် ဆုဖလား ရရှိသော ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စံချိန်သစ် တင်နိုင်ခဲ့သည့် မောင်ဟိန်းသူရမိုးအား ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ပြေးခုန်ပစ်အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသည့် အားကစား သမားများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက အသီးသီး ဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် အလှူရှင်များမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြပြီး ရှမ်းပြည်နယ် အောင်ပွဲရ ပြေးခုန်ပစ်အသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကစား သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့