
တောင်ကြီး အောက်တိုဘာ-၁၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၄)ရက် နံနက်ပိုင်းက တောင်ကြီး မြို့နယ်၊ မဲတောင်းကျေးရွာအုပ်စုရှိ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီး ပညာရေး တက္ကသိုလ် (၂၁၂’x၃၄’)သံကူကွန်ကရစ်၊ သင်တန်းသူ(၃၂၀)ဦးဆံ့ (၄)ထပ်အိပ်ဆောင် တည် ဆောက်ခြင်း လုပ်ငန်းစီမံကိန်းသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ (၄) ထပ်အိပ်ဆောင်လုပ်ငန်းနှင့်စပ်လျဥ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူ(၃၂၀)ဦး ဆံ့(၄)ထပ် အိပ် ဆောင် တည်ဆောက်နေမှုအားလည်းကောင်း၊ အပန်းဖြေရိပ်သာ (၂)ထပ်RC(၁)ဆောင်နှင့် ဆက်စပ် လုပ်ငန်းဆောင်ရွက်မည့်နေရာအားလည်းကောင်း၊ ငလျင်ကြောင့်ပျက်စီးခဲ့သည့် အနီရောင်အဆင့် သတ်မှတ်ခံရသော ပင်မ(၃)ထပ်ဆောင်၏ BLOCK-C(LOBBY)အား ဖျက်သိမ်း၍ ဘက်စုံခန်းမအသစ် တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင်နီယာ များက ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေသော ရေထွက်ဦးရေကန်ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ရေထွက်ဦး ရေထွက်ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အယ်နီညို ဖြစ်စဥ် ကာလတွင် ရေများခမ်းခြောက်မှုမရှိစေရေးအတွက်ရေများကို စနစ်တကျ ထိန်းသိမ်းဖြန့်ဝေပေးရန် လိုအပ်မှာဖြစ်ကြောင်း ဖြည့်စွက်မှာကြားပြီး ရေထွက်ဦး ရေထွက်သည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထီသိမ်ရေကူကန်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ထီသိမ်ရေကူတမံ ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေပေးဝေမှုကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပေးရန်နှင့်သုံးရေမပြတ်လပ်စေရေးကိုလည်း စနစ် တကျဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အယ်နီညိုဖြစ်နေသည့် ကာလတွင်လည်း ရေများကို စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားပြီး ထီသိမ်ရေကန်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့