အဲန်

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်သော အဲန်တိုင်းရင်းသားတို့သည် လူဦး‌ရေနည်းပါးပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော လူနည်းစုတစ်စုဖြစ်ပါသည်။ ၎င်းတို့ကိုသွားမဲသည့်လူမျိုးဟု လူသိ များသည်။ ဒေသန္တရအခြေအနေအရ ကူးလူးဆက်ဆံမှုနည်းပါးသောကြောင့် အဲန်တိုင်းရင်းသားတို့၏ မူရင်းနေထိုင်ရာဒေသ၊ မူရင်းလူမျိုးစုသမိုင်းကြောင်းစသည်တို့ကို တိတိကျကျ သိရှိခြင်းမရှိပေ။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ကြသူများဖြစ်ကြပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့ မရှိဘဲ တောင် ကုန်းတောင်စောင်းများတွင် ရွာတည်ကာ သီးသန့်နေထိုင်သော လူမျိုးစုဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များက ဂုံရှမ်းစာပေကိုအသုံးပြုကြပြီး ခရစ်ယာန်ဘာသာဝင်များက ‘ဝ’ စာပေကို အသုံးပြုကြသည်။ ယခုလက်ရှိတွင် ‘ဝ’ဗျည်းအက္ခရာကို အသုံးပြုပြီး အဲန်ဘာသာစာပေ အဖြစ် အသုံးပြုလျက်ရှိပါသည်။ နတ်ကိုးကွယ်သူများလည်းရှိကြသည်။ တစ်နေရာနှင့်တစ်နေရာ ဝေးလံ လှသဖြင့် နတ်ကိုးကွယ်သည့် ရွာသည် တစ်ရွာလုံးနတ်ကိုးကွယ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့် ရွာ သည် တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ အလားတူ ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် ရွာသည်လည်း ခရစ်ယာန်ဘာသာဝင် များသာဖြစ်သောကြောင့် မည်သည့်ဘာသာကို အများဆုံး ကိုးကွယ်သည်ဆိုသည်ကို မှန်းဆရခက်ပါသည်။ အမျိုးသား‌ရောအမျိုးသမီးများပါ ကွမ်းစားကြပြီး ကွမ်းမှာရိုးရိုးကွမ်းသီး၊ ကွမ်းရွက်မျိုး မဟုတ်ဘဲ သစ်ပင်တစ်မျိုး၏အခေါက်ကို ထုံးထည့်စားခြင်း ဖြစ်သည်။ ကွမ်းစားသည့်အပြင်သွားများ မဲမှောင်နေစေရန် မှိုင်းအဆီကို သုတ်လိမ်းကြသည်။ သွား များမဲမှောင်နေမှလှပသည်ဟူသောအယူရှိကြသဖြင့်သွားမဲသည်ကိုအဲန်လူမျိုးတို့ကဂုဏ်ယူကြသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482