Select Page

ကလော စက်တင်ဘာ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၅)ရက် နံနက်ပိုင်းက ကလောခရိုင်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ နိုင်ငံစီးပွား မြှင့်တင်ရေး ထုတ်ကုန် MSME တစ်ခု ဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စား ဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည့် Myanmar Belle ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံသို့ သွားရောက် ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။
ဦးစွာ Myanmar Belle ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံ ဥက္ကဋ္ဌ ဒေါ်ရဝေအောင် က စက်ရုံ အနေဖြင့် ဒေသထွက် ကော်ဖီထုပ်၊ မုန်လာဥ အရွက်၊ မုန်လာဥအနီ၊ အဖြူ၊ ဟင်းနုနွယ်ရွက်တို့ကို အခြောက်ပြုလုပ်ပြီး ဂျပန်နိုင်ငံသို့ တင်ပို့ကြောင်း၊ နိုင်ငံခြားကို Made in Myanmar ဖြင့် တင်ပို့ရန် ရည်ရွယ်ပြီး ဂျပန်၊ ကိုးရီယားနိုင်ငံ စျေးကွက်တွင် အမည်ရနေပြီဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသို့ တင်ပို့ နိုင်ခြင်းကြောင့် နိုင်ငံတော်နှင့် တောင်သူများပါ ဝင်ငွေတိုးစေပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒေသထွက်ကုန် မုန်လာဥအရွက်၊ မုန်လာဥနီ၊ ဥဖြူ၊ ဟင်းနုနွယ်အရွက် ထုတ်ကုန်များ ခင်းကျင်း ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးကြပြီး ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြရာ စက်ရုံတာဝန်ခံ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ဟဲဟိုးကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟဲဟိုး) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစိုးစိုးထွေးက ကျောင်း၏ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ပြီး ကျောင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးနှင့်ကျောင်းသား၊ကျောင်းသူများမှ လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအား သင်တန်းမှပို့ချသော သင်ခန်းစာများကို သေချာစွာ ကြိုးစားလေ့လာ သင်ကြားပြီး နိုင်ငံတော်အတွက် အားထားရသော ပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြရန် မှာကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလောမြို့နယ်၊ အင်းပြင်ကျေးရွာရှိ ၂၀၂၆ခုနှစ်သြဂုတ်လ(၂၀)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီး ခဲ့သည့် တံတားနေရာတွင် အသစ်ပြန်လည်ဆောင်ရွက်မည့် သံကူကွန်ကရစ် တံတားပုံစံ နမူနာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး တံတားပြိုကျခဲ့သည့် နေရာနှင့် ယာယီတံတားဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့