
ညောင်ရွှေ စက်တင်ဘာ-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၂)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့၊ ညောင်ရွှေ သက်မွေးပညာ သင်တန်းကျောင်း၌ ရှမ်းပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခုဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်းကတော့ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အောက်မှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသောကလေးများနှင့် မိသားစုများကို ဘဝရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေ တိုးတက်စေရန်၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များမှာ ကလေးအလုပ်သမားပပျောက်ရန် ရည်ရွယ်၍ သက်မွေးဝမ်းကျောင်းသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်ရှာဖွေပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းကနေ တစ်ဆင့်အဆင့်မြင့်နည်းပညာများကို ဆက်လက်လေ့လာသင်ယူရင်း အလုပ်အကိုင် အခွင့်အလမ်းကောင်းရရှိပြီး မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးအတွက် ဆောင်ရွက် နိုင်ကြစေရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးအပ်ရာ သင်တန်းသူနှစ်ဦးမှ လက်ခံရယူပြီး သင်တန်သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူများမှချုပ်လုပ်ထားသည့် အထည်အင်္ကျီများကိုလည်းကောင်း၊ ကွန်ပျူတာခန်းမအားလည်းကောင်း၊ စက်ချုပ်သင်တန်းခန်းမအား လည်းကောင်း၊ သင်တန်းကျောင်းရှိ ဟိုတယ်ဝန်ဆောင်မှုသင်တန်းအတွက် ဆောက်ရွက်ထားရှိသည့် ဧည့်ရိပ်သာအားလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့