Select Page

တောင်ကြီး စက်တင်ဘာ-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာ (၃)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အတွင်း ဆီကြိတ်ခွဲသန့်စင်စက်ရုံ တည်ဆောက်ပြီး ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီဖူလုံရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အစီအမံများအား မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး မွေးမြူရေး၊ ဆီဖူလုံရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဥ်း၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်များက ဒေသအတွင်းဆီဖူလုံရေး လုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်ဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီဖူလုံရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်း ဒေသဆီဖူလုံရရှိနိုင်ရန်အတွက် တစ်ရက်ကုန်ကြမ်းတန်(၁၀၀)ကြိတ်ခွဲ ထုတ်လုပ်နိုင်သော ဆီစက်လည်လျှင် တစ်ရက် ဆီ(၁၈)တန်ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိ ရှမ်းပြည်နယ်တစ်ခုလုံး ပဲပုပ် စိုက်ဧက (၁၇၀,၀၀၀)ကျော် ရှိသော်လည်း လုပ်ငန်းသုံးနှင့် ပုံမှန်ဆီကြိတ်စက်များမှ ကြိတ်ခွဲမှုများရှိနေသော ကြောင့် တောင်သူများမှ စိုက်ဧကများတိုးပွားလာအောင် စက်ရုံဘက်မှ ကြိုးစားလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့