
ဖယ်ခုံ စက်တင်ဘာ-၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၄)ရက် မွန်းလွဲပိုင်းက ဖယ်ခုံမြို့၊ မြို့နယ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် နေရပ်ပြန် ပြည်သူ အိမ်ထောင်စု(၃၆၅၁)စုအား အခြေခံစားသောက် ကုန်ထောက်ပံ့ပေးအပ်ခြင်းနှင့် နေရပ်ပြန်တောင်သူ (၅၈၇)ဦးအတွက် ယူရီးယား ဓါတ်မြေသြဇာ(၁၂၁၇)အိတ်ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မြို့နယ်အသီးသီးသို့ ပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်ချိန်မှာ အခက်အခဲများ အထိုက်အလျှောက် အဆင်ပြေအောင် အခြေခံ စားသောက်ကုန်များနှင့် လိုအပ်သည့် အသုံးအဆောင်များကို ပံ့ပိုးပေးခဲ့ပြီး ယခုပေးအပ်ပွဲမှာလည်း နေရပ်ပြန် အိမ်ထောင်စု (၃၆၅၁)စု အတွက် စားသောက်ကုန် ဆန်၊ဆီ၊ဆား ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ နေရပ်ပြန်တောင်သူများရဲ့ အဓိကသက်မွေးဝမ်းကျောင်းဖြစ်သော ဖယ်ခုံမြို့၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ (၅၈၇) ဦးကို ယူရီးယားဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ကြောင်း၊သီးနှံအထွက်နှုန်းကောင်းရန်နှင့် အရည်အသွေးပြည့်မှီရန်အတွက် တောင်သူများအနေဖြင့် နည်းမှန်လမ်းမှန်ဖြင့် စိုက်ပျိုးလုပ်ကိုင်ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း အသိပညာပေးလုပ်ငန်းများ မှန်မှန်ဆောင်ရွက်ပေးရန်နှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း၊ မြို့နယ်တစ်ခုအဖြစ်ပြန်လည်တည်ဆောက်နိုင်ရန် ဖယ်ခုံမြို့နယ်ဒေသခံ ပြည်သူများက တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်နေရပ်ပြန်ပြည်သူများထံသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ကအခြေခံစားသောက်ကုန်ဆန်၊ဆီ၊ဆား၊သကြားထောက်ပံ့ပေးအပ်ကြပြီးယူရီးယားဓါတ်မြေသြဇာများကိုဖြန့်ဖြူးပေးအပ်ကြပြီးနေရပ်ပြန်ပြည်သူများကိုယ်စားပြည်သူတစ်ဦးမှကျေးဇူး တင် စကားပြန်လည်ပြောကြားသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နေရပ်ပြန်ပြည်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖယ်ခုံမြို့အမှတ်(၁)အခြေခံပညာထက်တန်း ကျောင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဖယ်မြို့နယ်ပြည်သူ့ဆေးရုံ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဖယ်ခုံမြို့နယ်စာရင်းစစ်ရုံး RC(၁)ထပ်အဆောက်အဦ တည်ဆောက် နေမှုကိုလည်းကောင်း၊ ရဲစခန်းအဆောက်အဦ တည်ဆောက်နေမှုနှင့် မိုးဗြဲ-ဖယ်ခုံ လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့