Select Page

တောင်ကြီး သြဂုတ်-၂၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၂၈)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်အားသွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊တောင်ကြီးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဆွေကဌာနနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ပြတိုက်တွင် ခင်းကျင်းပြသထားသော ပြသပစ္စည်းများ၊ စာကြည့်တိုက်တွင် စုဆောင်းသိမ်းဆည်းထားသည့် စာအုပ်၊ စာပေ၊ သတင်းစာများနှင့် စပ်လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှေးဟောင်းသုတေသနဆိုင်ရာ ပြခန်းရှိ ပေါရိသတ်မြို့ဟောင်းမှရရှိခဲ့သည့်ကြေးဖြင့်သွန်းလောင်းထားသောပျူခေတ်ဆိုင်ရာရှေးဟောင်းဗုဒ္ဓဆင်းတုတော်၊ သစ်သားဖြင့်ထွင်းထုထားသော စေတီတော်၊ ပျူဒင်္ဂါးများနှင့် ရုပ်ကြွပါသော အုတ်ချပ်များ၊ သစ်မွှေးစာတိုက်သေတ္တာများ၊ ရှမ်းတိုင်းရင်းသားစာဆိုတော်များ၏ ပန်းချီကားများကို လည်းကောင်း၊ ရှေးယခင်ကုန်စည်ဝန်ဆောင်မှုတွင် အသုံးပြုသော ကြေးခေါင်းလောင်းများအား လည်းကောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့် ပန်းချီပြခန်းကို လည်းကောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြခန်းရှိ ဒေသခံတိုင်းရင်း သားများ၏ ရိုးရာအသုံးအဆောင်များ၊ လက်မှုလုပ်ငန်းများ၊ စဉ့်ထည်၊ ယွန်းထည်၊ မြေထည်များနှင့်တိုင်းရင်းသားများ၏ရိုးရာအိမ်ပုံစံငယ်များကိုလည်းကောင်း၊တိုင်းရင်းသားမျိုးနွယ်စုပြ ခန်းတွင်ခင်းကျင်းပြသထားသည့်ရှမ်းပြည်နယ်၏အထိမ်းအမှတ်ကိန္နရီ၊ကိန္နရာကဟန်ရုပ်တုနှင့်ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများအား လည်းကောင်းလေ့လာကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်းရှိ ရှေးဟောင်းအထင်ကရနေရာများ၊ စေတီုထိုးများ၊ တိုင်းရင်သားများ၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများအားရှာဖွေဖော်ထုတ်ပြီးစနစ်တကျမှတ်တမ်းပြုစု ထိန်းသိမ်းရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယဥ်ကျေးမှုစာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်စာစောင်များထိန်းသိမ်းထားရှိမှုအခြေအနေနှင့်စာအုပ်စာစောင်များငှားရမ်းပေးမှုအခြေအနေများကိုလည်းကောင်း၊ရည်ညွှန်းမြန်မာစာအုပ်နှင့်အင်္ဂလိပ်စာအုပ်များအားစနစ်တကျထိန်းသိမ်းထားရှိ သည့်အခန်းအားလည်းကောင်း၊ပေစာ၊ပုရပိုက်စာများ၊ရှမ်းစာပေစာလိပ်များနှင့်သတင်းစာများထိန်းသိမ်းထားရှိသည့်အခန်းအားလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ကသမိုင်းကြောင်းအရအဖိုးမဖြတ်နိုင်သည့်တန်ဖိုးရှိသည့်ပေစာ၊ပုရပိုက်စာများ၊စာအုပ်စာပေများ၊စာစောင်များ၊သတင်းစာများကိုစနစ်တကျထိန်းသိမ်းထားရှိရန်နှင့်တိုင်းရင်းသားပြည်သူများလွယ်လင့်တကူဖတ်ရှုလေ့လာနိုင်ရန်စီစဥ်ဆောင်ရွက်ထားရှိပေးရန်မှာကြားပြီးစာကြည့်တိုက်တိုးချဲ့ဆောင် ဆောက်လုပ်နိုင်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့၊ညောင်ရွှေဟော်ကုန်းရပ်ကွက်နန်းသီတာလမ်းရှိVENUCIA Taunggyi- AYKကားအရောင်းပြခန်းဖွင့်ပွဲအခမ်းအနားသို့တက် ရောက်ကြသည်။
ဦးစွာအခမ်းအနားကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက EVကားများအား လှည့်လည်ကြည့်ရှုကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့