Select Page

ရပ်စောက် သြဂုတ်-၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နှင့်ကလောမြို့များတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဇော်ဂျီမြစ်၊ရေကြီးရေလျှံမှုဖြစ်ပွားပြီးဇော်ဂျီရပ်ကွက်၊ဥတ္တံတားရပ်ကွက်များနှင့်ကလောမြို့၊ကလောချောင်းရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့်အမှတ်(၂/၃/၄)ရပ်ကွက်အနိမ့်ပိုင်းနေအိမ်များအတွင်းရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့ရာရေဘေးသင့်ပြည်သူများကိုရပ်စောက်မြို့မိုးလုံလေလုံအားကစားကွင်းနှင့်ဥတ္တံတားဓမ္မာရုံတွင်လည်းကောင်း၊ကလောမြို့တွင်အမှတ်(၅)ရပ်ကွက်မြို့မ ပရိယတ္တိစာသင်တိုက်၌ယာယီရေဘေးကယ်ဆယ်ရေးစခန်းကိုလည်းကောင်းဖွင့်လှစ်၍ကူညီ ကယ်ဆယ်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကိုနယ်မြေခံတပ်မတော်သားများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ပြည်သူများကို သြဂုတ်(၁၁)ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
ဦးစွာရပ်စောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကဇော်ဂျီမြစ်ရေကြီးရေလျှံဖြစ်ပေါ်မှုအခြေအနေနှင့်နှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေအားရှင်းလင်းတင်ပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကသဘာဝဘေးနှင့်ကြုံတွေ့နေရ သည့်ပြည်သူများစားသောက်နေထိုင်နိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုစီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့ကရေဘေးသင့်အိမ်ထောင်စု(၄၁)စုနှင့်လူဦးရေ (၁၆၂)ဦးအတွက်ရေဘေးသင့်ပြည်သူများကယ်ဆယ်ရေးစခန်း၌နေထိုင်စဥ်ကာလအတွင်းအဆင်ပြေစေရေးအတွက်ဆန်၊ဆီ၊သောက်ရေသန့်၊စားသောက်ကုန်နှင့်ဆေးဝါးများ၊လိုအပ်သောအသုံးအဆောင်ပစ္စည်းများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှထောက်ပံ့ပေးသည့်ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
၎င်းနောက်ရေဘေးသင့်ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရေဘေးသင့်ပြည်သူများကိုအားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဝင်ရောက်နစ်မြုပ်သည့် ဇော်ဂျီမြစ်ချောင်းဘေးရှိရပ်ကွက်များ အားသွားရောက်ကြည့်ရှုစစ်ဆေးပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီဆောင်ရွက်ပေးကြသောမီးသတ်တပ်ဖွဲ့ကိုလိုအပ်သည်များမှာကြား၍ ဥတ္တံတားဓမ္မာရုံ၌ဖွင့်လှစ်ထားသောရေဘေးကယ်ဆယ်ရေစခန်းသို့သွားရောက်ကာရေဘေးသင့်ပြည်သူများကိုအားပေးစကားပြောကြားပြီးရေဝင်ရောက်နစ်မြုပ်ခဲ့သည့်အိမ်နှင့်ရေပြန်လည်ကျသွားသည့်နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကလောမြို့၊အမှတ်(၅)ရပ် ကွက်မြို့မပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ကြသည်။
ဦးစွာကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကကလောချောင်းရေမြင့်တက်၍ရပ်ကွက်များအတွင်းရေဝင်ရောက်မှုအခြေအနေအားရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကသဘာဝဘေးနှင့်ကြုံတွေ့လာပါကပြည်သူများကိုဦးစွာကယ်ဆယ်ရေးလုပ် ငန်းများကိုဆောင်ရွက်ပေးရမည့်ဖြစ်ကြောင်း၊ရေဘေးသင့်ပြည်သူများအတွက်စားသောက်နေနိုင်နိုင်ရေးအတွက်ဆန်၊ဆီ၊စားသောက်စရာများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများကရေဘေးသင့်အိမ်ထောင်စု(၂၀)နှင့်လူဦးရေ(၇၆)ဦးအတွက်ဆန်၊ဆီ၊သောက်ရေသန့်၊စားသောက်ကုန်၊ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက်ရေဘေးသင့်ပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးပြည် နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရေဘေးသင့်ပြည်သူများကိုအားပေးစကားပြောကြားကာကလောမြို့ရေဝင်ရောက်ခဲ့သည့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊မြို့နယ်ဥပဒေရုံး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၊မြို့တော်ခန်းတို့တွင်ရေပြန်လည်ကျဆင်းသွားသဖြင့်သန့်ရှင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊မောမြေဦးပန်းခြံ၊ကလောချောင်း နှင့်ခရိုင်ပညာရေးရုံးကိုလည်းကောင်း၊ရပ်ကွက်(၄)ကလောချောင်းကူးတံတား၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုတ်တံတိုင်းပြိုလဲနေမှုအခြေအနေကိုလည်းကောင်း၊အမှတ်(၄)ရပ်ကွက်ရှိပလောင်စျေးသန့်ရှင်းဆောင်ရွက်နေမှုအခေအြနေကိုလည်းကောင်း၊အမှတ်(၄)ရပ်ကွက်၊ကလောချောင်းမှတ်တိုင်(၁၄၇)မှFullmoonHotelနောက်ကလောချောင်းထိရေမြောင်းအသစ်တူးဖော်မည့်နေရာအားလည်းကောင်း၊သွားရောက်ကြည့်ရှူစစ်ဆေးရာသက်ဆိုင်ရာတာဝန်ရှိသူများ နှင့်မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ရှိသူများကရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကလောအင်းပြင်သစ်တောပျိုး ဥယာဉ်ရှေ့ကလောချောင်းရေစီးဆင်းနေမှုအားကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့