
တောင်ကြီး သြဂုတ်-၁၄
၂၀၂၆ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ်ပြည်နယ်အဆင့်ဖွင့်ပွဲကိုသြဂုတ်(၁၄)ရက်နံနက်ပိုင်းကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကနိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက်အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရာတွင် လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရန်အတွက်ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်ရန်လိုအပ်ပါကြောင်း၊စာသင်ကျောင်းမှစတင်ပြီးကျောင်းသား၊ကျောင်းသူများသည်အာဟာရပြည့်ဝမျှတမှသာ ကျန်းမာသန်းစွမ်းပြီး ဥာဏ်ရည်ထက်မြက်မြင့်မားသော အနာဂတ်လူချွန်လူကောင်း လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပိုမိုခိုင်မာအောင်အရှိန်အဟုန်မြှင့်တင်ရန် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ၏ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည်အလွန်အရေးပါသည့်အတွက်လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာဝင်းနိုင်ကအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လုပ်ငန်းများကိုရှင်းလင်းတင်ပြပြီး၂၀၂၆ ခုနှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်နှင့် ကျောင်းကျန်းမာရေး သီတင်းပတ်များ အထိမ်းအမှတ် ဗီဒီယိုပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကျန်းမာရေးအဆင့်မြှင့်ကျောင်းဆုရရှိသည့် ကျောင်း (၈) ကျောင်းအား လည်းကောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့်ထူးချွန်ဆုရရှိသူများကိုပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ကလည်းကောင်းဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲတွင်ဆုရရှိသည့်မိခင်များအားရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ရှမ်းပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေးက လည်းကောင်း၊နှစ်သိမ့်ဆုရရှိသည့်မိခင်များအားပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက“Exercise is Medicineသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု၍ အသက်၅နှစ်အောက် မူကြိုကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးလုံး တိုက်ကျွေးကာ ပဲနို့၊ ပေါင်မုန့်၊ ငှက်ပျောသီးနှင့် လက်ဆောင်ပစ္စည်းများ ဝေငှပေးအပ်ခဲ့ကြသည်။
ယင်းနောက်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းစိုးစိုးထွေး၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ၊ ကြက်ဥ၊ ကုလားပဲ၊ အိုင်အိုဒင်းဆားနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းလူမျိုးရေးရာဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့