Select Page

တောင်ကြီး ဇူလိုင်-၃၁
အမှတ်(၂)မူလတန်းကြိုကျောင်း(တောင်ကြီး)ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်(၃၁)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊အဝေရာမီးပုံးပျံကွင်းအနီးရှိအဆိုပါကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာအမှတ်(၂)မူလတန်းကြိုကျောင်း(တောင်ကြီး)ကျောင်းဆောင်သစ်အားရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်ဝန်ကြီးချုပ်၏ဇနီးရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ကမ္ဘောဇဖောင်ဒေးရှင်းမှဒုတိယဥက္ကဋ္ဌတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမှတ်(၂)မူလတန်းကြိုကျောင်းတောင်ကြီး ဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများကကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့်ပက်ဖျန်းပေးကြသည်။
၎င်းနောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှမ်းပြည်နယ်အတွင်းမူလတန်းကြိုကျောင်း(၁)ကျောင်းတိုးချဲ့ဖွင့်လှစ်နိုင်သဖြင့်နိုင်ငံတည်ဆောက်ရေးမှာ အရေးပါသည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်သွားမည့်ကလေးများ လူစွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုပြုသည့်နေ့လည်းဖြစ်ပါကြောင်း၊မူလတန်းကြိုကျောင်းဖွင့်လှစ်ရခြင်းဖြင့်ကလေးငယ်များ၏ကိုယ်ခန္ဓာ၊ဥာဏ်ရည်၊စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးစွမ်းရည်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေပြီးကလေးများ၏ဘက်စုံဖွံ့ဖြိုးမှုကိုများစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ကျောင်းနေရန်အသင့်ဖြစ်စေပြီးအခြေခံစာဖတ်၊စာရေး၊သင်္ချာအခြေခံနှင့်သင်ယူလိုစိတ်များကိုပြုစုပျိုးထောင်ပေးနိုင်မှုကြောင့်မူလတန်းပညာရေးကို ချောမွေ့စွာကူးပြောင်းနိုင်မည် ဖြစ်ပါကြောင်း၊ ကလေးများအနေဖြင့် လူမှုဆက်ဆံရေးစွမ်းရည် တိုးတက်လာစေပြီး အခြားကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊မျှဝေတတ်ခြင်း၊စည်းကမ်းလိုက်နာခြင်းနှင့်အပြန်အလှန်လေးစားတတ် ခြင်းတို့ကို သင်ယူရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်ကမ္ဘောဇဖောင်ဒေးရှင်းမှဒုတိယဥက္ကဋ္ဌဦးညိုမြင့်ကအဆောက်အဦလှူဒါန်းရခြင်းနှင့် စပ်လျဥ်း၍ရှင်းလင်းပြောကြားပြီးအဆောက်အဦအားလွှဲပြောင်းပေးအပ်ရာပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍အမှတ်(၂)မူလတန်းကြိုကျောင်းတောင်ကြီး၊မူကြိုကလေးငယ်များကထာဝရသစ္စာသီချင်းဖြင့်ကပြဖျော်ဖြေကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများသည်ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှူ၍ မူကြိုကလေးများအား စားစရာမုန့်များ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။