အေးသာယာ ဇူလိုင်-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ထောက်ပံ့ငွေကျပ်(၈၃၇)သိန်းနှင့်ဂရိတ်ဟော်ခမ်းအများနှင့်သက်ဆိုင်သောကုမ္ပဏီမှလှူဒါန်းငွေကျပ်(၁၈၆၀)သိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အေးသာယာမြို့၊ အမှတ်(၉)ရပ်ကွက် အေးငြိမ်းသီတာလမ်း ကွန်ကရစ်လမ်း (၁၆၅၀´×၁၂´×၆´´) ဖွင့်ပွဲ အခမ်းအနား ကို ဇူလိုင်(၃၀)ရက်နံနက်ပိုင်းကအဆိုပါလမ်း၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများတက် ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအေးငြိမ်းသီတာလမ်းသည်ရပ် ကွက်နေပြည်သူများအဓိကသုံးစွဲလျက်ရှိသည့်လမ်းဖြစ်ပြီးအတက်၊အဆင်းမတ်စောက်ခြင်း၊မြေသားလမ်းအဖြစ်တည်ရှိနေခြင်းတို့ကြောင့်ရပ်ကွက်နေပြည်သူများလမ်းအသုံးပြုသွားလာရာတွင်အခက်အခဲမရှိစေရေးအတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဒေသဖွံ့ဖြိုးရန်ပုံငွေကျပ်(၈၃၇)သိန်းနှင့်ဂရိတ်ဟော်ခမ်းအများနှင့်သက်ဆိုင်သောကုမ္ပဏီမှ လှူဒါန်းငွေကျပ် (၁၈၆၀) သိန်း၊ စုစုပေါင်း(၂၆၉၇)သိန်းဖြင့် မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်ပေးသည့် အေးငြိမ်းသီတာလမ်းအပိုင်းသည် အရှည် (၁၆၅၀) ပေ၊ အကျယ် (၁၂)ပေနှင့် ထု(၆)လက်မရှိသည့် ကွန်ကရစ်လမ်းဖြစ်ပါကြောင်း၊လမ်းရေရှည်ခိုင်ခံ့ကောင်းမွန်စေရေးအတွက်ရပ်ကွက်နေပြည်သူများက လည်းဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်သကဲ့သို့လမ်းဘေးဝဲ၊ယာရေမြောင်းများဆောင်ရွက်ခြင်း၊လမ်းဖြတ်ရေ ပြွန်များ ဆောင်ရွက်ခြင်းကိုလည်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက်အေးငြိမ်းသီတာကွန်ကရစ်လမ်းအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ကအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘင်ခရာ၊ပန်းပွားအဖွဲ့နှင့်ကိန္နရီ၊ကိန္နရာ၊တိုးနယားအဖွဲ့တို့အားဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ဂရိတ်ဟော်ခမ်းအများနှင့်သက်ဆိုင်သောကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက်အေးငြိမ်းသီတာလမ်းအားကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်း နှင့်စပ်လျဉ်း၍မြို့မိမြို့ဖတစ်ဦးကျေးဇူးဝာင်စကားပြန်လည်ပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရွှေညောင်ညောင်ရွှေလမ်းရေကျော်မှု ဖြစ်ပွားလေ့ရှိသည့်နေရာများအားလမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်းနှင့်၂၈ပေအကျယ်ထုအခြေခံလွှာခင်းခြင်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်လမ်းဦးစီးဌာနမှပြည်နယ်ဦးစီးမှူးဦးရဲလင်းကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်ကလမ်းအားသတ်မှတ်စံချိန်စံညွှန်း၊အရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ပေးကြရန်နှင့်ရေရှည်တည်တံ့ကောင်းမွန်စေရန်လိုအပ်ပါကြောင်း၊သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးကြရန်ဖြည့်စွက်မှာကြား၍တာဘောင်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လမ်းအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး