
အေးသာယာ ဇူလိုင်-၂၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊အေးသာယာမြို့၊နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိအဆောက်အဦများပြုပြင်ထိန်းသိမ် ဆောင်ရွက်နေမှုနှင့်ထပ်မံဆောက်လုပ်မည့်အဆောက်အဦမြေနေရာများအားကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာနည်းပညာတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်ဒေါက်တာခင်ထိုက်ထိုက်လွင်ကတက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊အဆောက်အဦများပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့်ထပ်မံဆောက်လုပ်မည့်အဆောက်အဦမြေနေရာများအားရှင်းလင်းတင်ပြရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှင်းလင်းတင်ပြမှုအပေါ်လိုအပ်သည်များကိုဖြည့်စွက်မှာကြားပြီးသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပင်မသုံးထပ်ကျောင်းဆောင် ဒုတိယထပ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်းနှင့်မြေညီထပ်ရှိ စာကြည့်တိုက်ကို လည်းကောင်း၊ ၄ ခန်းတွဲ ၄ ထပ်သရုပ်ပြ ဆရာ၊ ဆရာမ အိမ်ရာဆောက်လုပ်မည့်မြေနေရာ အခြေအနေအားလည်းကောင်း၊၂ ခန်းတွဲ ၂ ထပ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် နေအိမ်တည်ဆောက်မည့် မြေနေရာအား လည်းကောင်း၊ ကျောင်းသားအိပ်ဆောင်နှင့် ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့် မြေနေရာအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂ ထပ်စာသင်ဆောင် (၄) လုံးနှင့် သင်ကြားရေး အဆောင် အသုံးပြုမည့် အလုပ်ရုံဟောင်း (၄) လုံး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ (၃၄)ဦးဆံ့(၃) ထပ် RCC ဆရာ၊ ဆရာမ အဆောင်(၁)လုံး ဆောက်လုပ်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ နည်းပညာတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်နှင့် ကုမ္ပဏီ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး