တောင်ကြီး မေ-၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မေ(၃၀)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသော ၂၀၂၆ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ နှင့် ခရိုင်များအလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိကာ ကျန်းမာပြီးကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က(၇)ဘင်ခရာတပ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက လင်းခေးခရိုင်အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း(၉)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို အုပ်စု(၃)အုပ်စုခွဲကာ မေလ(၂၇)ရက်မှ ဇွန်လ(၅)ရက်နေ့အထိ ယှဥ်ပြိုင်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး