အောင်ပန်း မေ-၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများလိုက်ပါလျက် မေ(၄)ရက်နံနက်(၉)နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း(အောင်ပန်း) အိပ်ခန်းဆောင်သင်တန်း၊ ဧည့်ကြိုသင်တန်းနှင့် အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းအမှတ်စဥ်(၇) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်းစိုးက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန် မူဝါဒ(၄)ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးရည်ရွယ်၍ စဥ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ယနေ့အချိန်အထိ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို အမှတ်စဥ်(၁)မှ အမှတ်စဥ်(၆)အထိ သင်တန်းသား၄၁၅ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၂၂၁ဦးမှာ သင်တန်းမှသင်ကြားပေးလိုက်သော အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သင်တန်းကာလ (၂၂)ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးစီးအောင် တက်ရောက်သင်ကြားမှသာလျှင် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရပ်များ တတ်မြောက်မှာဖြစ်၍ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းစည်းကမ်းများလိုက်နာကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ၍ သင်တန်းတွင် လက်တွေ့အသုံးချမည့် အိပ်ခန်းဆောင်ထိန်းရေး၊ အစားအစာနှင့်အဖျော်ယမကာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လျှပ်စစ်ဘာသာရပ်၊ ဖုန်းပြင်ဘာသာရပ်နှင့် မော်တော်ယာဥ်အင်ဂျင်ပိုင်း၊ အောက်ပိုင်းပြုပြင်သည့်နေရာတို့ကို လှည့်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသော ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ယခုနှစ် ဒေသန္တရစီမံကိန်းဥပဒေကို ရေးဆွဲရာတွင် ရှမ်းပြည်နယ်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသားရေးမျှော်မှန်းချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံတော်၏ဦးတည်ချက်(၄)ရပ်၊ စီးပွားရေးမူဝါဒများနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ စီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများအတွက် လက်ငင်း အကျိုးရှိစေမည့်လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဆောင်ရွက်ကြရမှာ ဖြစ်သည့်အတွက် သာမန်လုပ်ငန်းစဥ်ဟု သဘောမထားဘဲ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၏၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ဓနု၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊အရှေ့ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ လယ်ယာကဏ္ဍကြီး စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး၊ တောင်ကြီး၊ ကလော၊ လွီုင်လင်၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူအသီးသီးမှလက်ခံရယူကြသည်။
ယင်းနောက် ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူးဦးမောင်မောင်လွင်က ရှမ်းပြည်နယ်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ဖြည့်စွက်ဆွေးနွေးကြောင်းသိရှိရသည်။
ဆက်လက်၍ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဓနု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဒုတိပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး အထွေထွေဆွေးနွေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌတို့က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ကဏ္ဍအလိုက် မှာကြားဆွေးနွေးတင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားရာတွင် သစ်တောသယံဇတများကို သုံးစွဲပြီးပါက ပြန်လည်ဖြည့်တင်းပေးရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဆောင်ရွက်ပေးကြရန်၊ တရားမဝင် သတ္တုတူးဖော်နေမှုများကို စိစစ်ဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ပန်းတိုင်အထွက်နှုန်း တိုးအောင် ဆောင်ရွက်ပေးရန်နှင့် မွေးမြူရေးကဏ္ဍတွင်လည်း အထွက်နှုန်းကောင်းအောင်ဆောင်ရွက် ပေးကြရန် မှာကြားလိုကြောင်း၊ ဝါး၊ ဝါ စိုက်ပျိုးသီးနှံများကိုလည်း စိုက်ပျိုးရေး ကြပ်မတ်ဆောင်ရွက်ပေးကြရန်၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးကိုလည်း အရည်အသွေးကောင်းထွက်ရှိရေး ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့