ပင်းတယ မတ်လ ၂ ရက်
‎ ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်တွင် မတ်လ ၁ ရက်နေ့နံနက်ပိုင်း က ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့်(၁၇) နှစ်မြောက် ဓနုဆုံဆည်းရာနေ့ အခမ်းအနား/ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEsဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
‎ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်း နှင့် တာဝန်ရှိသူများက အသေးစား၊အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSMEs ဒေသထွက် ကုန်ပြပွဲဆိုင်းဘုတ် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့်တာဝန် ရှိသူများမှ ဒေသထွက်ကုန် ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
‎ ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌသည် တပေါင်းပွဲကျင်း ဓနုဆုံဆည်းရာ စတိတ်စင်တွင် ကျင်းပပြုလုပ်သည့် (၁၇) နှစ်မြောက် ဓနုဆုံးဆည်းရာနေ့အခမ်းအနားတွင် ဂုဏ်ပြုအမှာ စကားပြောကြားပေးသည်။ ဆက်လက်၍ ဓနုဆုံဆည်းရာနေ့အခမ်းအနား နှင့် အကအလှဖျော်ဖြေပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဌ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်းသိရပြီး ၊အဆိုပါ အခမ်းအနားတွင် ဓနုတိုင်းရင်းသား ၊ တိုင်းရင်းသူအဆိုတော်များ နှင့် ဓနုတိုင်းရင်းသား ရိုးရယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
‎ ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများသည့် ဖိတ်‎ကြားထားသည့် ရပ်ဝေး/ရပ်နှီးမှ တိုင်းရင်းသား/တိုင်းရင်းသူ ညီအကိုမောင်နှများနှင့်အတူ ဆွမ်းတော်ကြီး လောင်းလှူပွဲတွင် ကုသိုလ်ဒါနပြုခဲ့ကြပြီး တပေါင်းကျင်းရှိ မဟာမုနိဓမ္မာရုံတွင်ဆွမ်းတော်ကြီးအား ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
‎ မွန်းလွဲပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများက ဗုဒ္ဓရုပ်ပွားတော် များအားပင့်ဆောင်၍သံဃာတော်များနှင့်အတူ ဆွမ်းဆန်စိမ်းအလှူခံခဲ့ကြရာ ရပ်ဝေး/ရပ်နှီးမှ မိဘပြည်သူများ၊ ‎ဗုဒ္ဓဘာသာဝင်များ ၊ အလှူရှင်များမှ သဒ္ဒါကြည်ဖြူစွာဖြင့် အလှူငွေများ၊ ဆွမ်းဆန်တော်များ နှင့်‎လှူဖွယ်ဝတ္ထု ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
‎ ည ၇ နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိသူများသည်(၁၇) နှစ်မြောက် ကျင်းပပြုလုပ်သည့် ဓနုဆုံဆည်းရာ အခမ်းအနားသို့ သွားရောက်ကာ ဒေသ‎ဥက္ကဌမှဦးဆောင်၍ ဒေသဥက္ကဌက ” အဖြူရောင်သံစဉ် ” တေးသီးချင်းအား စတင်သီဆိုပေးပြီး၊ ဓနုဆုံဆည်းရာ အထိမ်းအမှတ် အဖြစ် ဓနုတိုင်းရင်းသူ ၊ တိုင်းရင်းသား အဆိုတော်များ ၊ ရပ်ဝေး/ ရပ်နှီးမှတိုင်းရင်းသား / တိုင်းရင်းသူများ မှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အက အလှများ၊ ရိုးရာ ဓ‌လေ့တေးသီချင်းများ ၊ရိုးရာသံချပ် ၊အိုးစည်ဗုံမောင်းများ ဖြင့် ဖျော်ဖြေတင်ဆက် ပေးခဲ့ကြရာ ပရိတ်သတ် များ တခဲနက်လာရောက် ကြည့်ရှူ အားပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့