
လားရှိုး မတ်-၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါန စာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ဘုရားကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါန စာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူဇော်ပွဲတွင် တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ မြို့နယ်အတွင်းရှိ စေတနာရှင် သဒ္ဒါရှင် ကုသိုလ်ရှင် ဘုရား ဒါယကာ/ဒါယိကာမအပေါင်းတို့က ပင့်သံဃာတော် အပါး ၃၅၀ ပါးတို့အား စာရေးတံမဲနှင့် ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ဆွမ်းအနုမောဒနာ တရားတော်များနာကြားခဲ့ကာ ရေစက်သွန်းချ အမျှအတန်းပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့