တောင်ကြီး မတ်-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၂)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ကျင်းပသည့် (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုး သားနေ့ အခမ်းအနားကို တက်ရောက်ကြသည်။
ဦးစွာ (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ခွန်စံလွင်၊ ပအိုဝ်းစာပေနှင့်ယဥ် ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးခွန်ဝင်းကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအလံတော်လွှင့်တင်၍ အလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြပြီး ပအိုဝ်းအမျိုးသားသီချင်း သီဆိုကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာရှိ ဟဲဟိုးဥယျာဥ်ခြံ၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကဖတ်ကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိုက်ပျိုးရေးအစုအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး တိုင်းရင်းသားရိုးရာအကအဖွဲ့များမှ ဖျော်ဖြေတက်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာအကဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကို နေရာအရောက်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်ရှိ ဌာနဆိုင်ရာပြခန်းများ၊ ကုမ္ပဏီပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး၍ လည်းကောင်း၊ ဟဲဟိုးဆည်အား သွားရောက်ကြည့်ရှုကြပြီး ဆည်သို့လာရောက် အပန်းဖြေအနားယူနေကြသော ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စောင်းပညာရှင်မယ်ဆွေ (အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရန်ကုန်)နှင့် အဆိုပညာရှင်သက်နှင်းဦး(နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်)တို့က ထူးမခြားနားသီချင်းခံကို တီးခတ်၍ သီဆိုပူဇော်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာကပဏ္ဍိတဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးက သမ္မောဒနီယသြဝါဒကထာမြွက် ကြားချီးမြှင့်တော်မူသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရဆရာတော် ကြီးများအား ရှမ်းပြည်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးကြကာ ဘွဲ့တံဆိပ်တော်ရ သီရှင်ဆရာကြီးအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက ဆက်ကပ်လှူဒါန်းပေးပြီး ဘွဲ့တံဆိပ်တော်ရလူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်အဆောင်အယောင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့က ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် တောင်ကြီးမြို့၊ရှ မ်းပိဋကတ်ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တဝါယာမထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်စွာပြီးမြောက်ကြောင်းသိရသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ ဆွမ်းဆန်စိမ်း လောင်းလှူပေးကြကြောင်း သိရှိရသည်။
အဆိုပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော်(၂၄)ပါး၊ သီလရှင်(၁)ပါးနှင့် လူပုဂ္ဂိုလ်(၄)ဦးတို့ကို ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့