ပင်းတယ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု၊ ညောက်ကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၃၀ရက် နံနက် ၁၀ နာရီခွဲအချိန် က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ဆက်လက်လုပ်ဆောင် သွားမည့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြရာ လုပ်ငန်းများအမြန်အကောင်အထည်ဖော် ပြီးစီးဆောင်ရွက်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို လမ်းညွန်မှာကြားသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌက ညောင်ကောက်ကျေးရွာ အတွက်ဆန်အိတ်၊ ဆေးဖျန်းရာတွင်အကာအကွယ်ပေးသည့် ဆေးဖျန်းဝတ်စုံ PPE ဝတ်စုံများနှင့် ညောင်ကောက်ကျေးရွာ စာသင်ကျောင်းအတွက်MRTVDTH စလောင်းတို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ညောင်ကောက်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများက မိမိတို့ဒေသ၏ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြန်လည်အကောင်အထည်ဖော်လုပ်ကိုင်နိုင်စေရန် အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများသည်ရေဖြူကျေးရွာတွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “သီးနှံအခြေခံယို၊ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ” အမှတ်စဉ်( ၁/ ၂၀၂၅-၂၀၂၆ ) သင်တန်းဆင်းပွဲသို့သွားရောက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးကာသင်တန်းသူ/ သင်တန်းများကို သင်တန်းဆင်းလက်မှတ်နှင့်လုပ်ငန်းထူထောင်လုပ်ကိုင်ကြမည့်သူများအား လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်းသိရပြီး၊သင်တန်းမှ ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
