တောင်ကြီး ဇန်နဝါရီ-၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဂနိုင်ကန်အတွင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဥ်နှင့် ရှမ်းပြည်နယ်ဆက်သွယ်ရေး ကွန်ရက်ဘုံအခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်းကို ဇန်နဝါရီ(၂၉)ရက်မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ဂနိုင်ကန်အတွင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်မည့် အစီအစဥ်နှင့်ပတ်သက်၍ ECO Care Co.,Ltdမှ တာဝန်ရှိသူတစ်ဦးက ဂနိုင်ကန်သာယာပန်းခြံ အဆိုပြုမြေယာရှုခင်းဒီဇီုင်း အစီအစဥ်အားရှင်းလင်းတင်ပြပြီး ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဂနိုင်ကန်သာယာ လှပသာယာရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် ဂနိုင်ကန်သာယာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဂနိုင်ကန်သာယာ မြေယာရှုခင်း လှပစေရေး ဆောင်ရွက်ခြင်းသည် အများပြည်သူအပန်းဖြေအနားယူနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်ပါကြောင်း၊ သစ်ပင်များရှင်သန်ရေးအတွက် မြေအောက်ရေရရှိရေးသည် အရေးကြီးပါကြောင်း၊ ဂနိုင်ကန်သာယာ လှပစေရေး ဆောင်ရွက်ခြင်းသည် အမှိုက်ကင်းစင်ရေးနှင့် တောင်ကြီးမြို့ရေပေးဝေရေးအတွက်လည်း အထောက်အကူပြုပြီး မြေအောက်ရေကိုလည်း ထိန်းသိမ်းပေးသည့်အတွက် သက်ဆိုင်ရာစည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ် ထိန်းသိမ်းပေးရန်လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
၎င်းနောက် တက်ရောက်လာကြသည့်ပြည်နယ်ဝန်ကြီးများက ဂနိုင်ကန်သာယာလှပရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါ သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ADS Myanmar Co.,Ltd မှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဆက်သွယ်ရေး ကွန်ရက်ဘုံအခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းကရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆက်သွယ်ရေးလိုင်းကြိုး များပြားလာသည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်များကိုလည်း ထိခိုက်နိုင်သောကြောင့်၊ စာချုပ်ပါမူအတိုင်း ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ပေးရန် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်စရာရှိသည်များကို ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးကြရာ အော်ပရေဒါအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလမ်းညွှန် အမှာစကားပြောကြားကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုရရှိရေး၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် အစီအမံများအား အကြံပြုဆွေးနွေးနိုင်ရန် ဇန်နဝါရီ(၂၈)ရက်မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ၁/၂၀၂၆ ကြိမ်မြောက် အစည်းအဝေးကို တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်းအောင်မြင်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်လည်း ပြည်တွင်းခရီးသွားလာမှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဟိုတယ်၊ တည်းခိုခန်းလာရောက်သူများကိုလည်း စဥ်ဆက်မပြတ် စိစစ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း ပြည်တွင်းခရီးသွားလာမှု မြှင့်တင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် အစည်းအဝေးတွင်လည်း ပွင့်လင်းစွာတင်ပြဆွေးနွေးကြေရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီများ၏ အဆုံးအဖြတ်များကို ရယူကြောင်းသိရသည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ခရီးသွားလုပ်ငန်းသည် ရှမ်းပြည်နယ်အတွက် အရေးကြီးပါကြောင်း၊ ပြင်ဆင်စရာများရှိပါကပြင်ဆင်ကြပြီး သက်ဆိုင်ရာဟိုတယ်ခရီးကလည်း ကြိုတင်ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ထားရန်၊ အစိုးရအဖွဲ့သို့ တင်ပြဆုံးဖြတ်ရန်ရှိသည်များကိုလည်း ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
