ညောင်ရွှေ ဇန်နဝါရီ-၂၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၉)ရက် နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော သဘာဝဘေးကြောင့်ပျက်စီးခဲ့သည့် သီးနှံများအတွက် သွင်းအားစုနှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားရာတွင်၊ ရှမ်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေလျှံပြီး သီးနှံများ ရေကြီးနစ်မြုပ်ပျက်စီးခြင်း၊ ချောင်းနံဘေးရှိ လယ်ယာမြေများ ချောင်းရေတိုက်စားမှုကြောင့် သဲကျောက်များဖုံးလွှမ်းပျက်စီးခြင်း၊ မိုးခေါင်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးခြင်းများ နှစ်စဥ်ကြုံတွေ့နေရပါကြောင်း၊ ယခုနှစ်တွင်လည်း ရာဂီမုန်တိုင်းကြောင့် မြို့နယ်ပေါင်း၂၉မြို့နယ်ရှိ သီးနှံ၁၅မျိုးရေကြီးနစ်မြုပ်ခဲ့ပြီး ၃၆၀၂၉ ဧကပျက်စီးခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ထိ ရေကြီးနသ်မြုပ်မှုကြောင့် နွေစပါး၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်းစသည့်သီးနှံများ မြို့နယ်(၅)မြို့နယ်မှာ (၁)သောင်း(၂)ထောင်ဧကကျော် ရေနစ်မြုပ်ခဲ့ပြီး (၉၃၁၈)ဧကပျက်စီးခဲ့ပါကြောင်း၊ ညောင်ရွှေမြို့နယ်မှာ ကျေးရွာအုပ်စု(၂၂)အုပ်စု တောင်သူပေါင်း(၆၁၈၅)ဦး၏ နွေစပါး(၇၆၇၉)ဧက၊ မိုးစပါး(၁၆၃)ဧက၊ အစေ့ထုတ်ပြောင်း(၁၇)ဧက၊ မြေပဲ(၅၀၈)ဧက စုစုပေါင်း(၈၃၆၇)ဧကပျက်စီးခဲ့သည်ကို သိရှိရပါကြောင်း၊ ပျက်စီးဧကများအပေါ် နွေစပါး(၇၆၇၉)ဧက၊ ကြက်သွန်ဖြူ(၆၈၈)ဧက ပြန်လည်စိုက်ပျိုးသွားမည်ကို သိရှိရပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အဆိုပါပျက်စီးဧကများအတွက် တစ်ဧကလျှင် ၁သိန်း၆သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း တောင်သူများကို တစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာတစ်အိတ်နှုန်းနှင့် စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများကို သွင်းအားစုနှင့်စိုက်ပျိုးရေးစရိတ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ထောက်ပံ့ပေးအပ်ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စု၌ကျင်းပသော သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် သွင်းအားစုနှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု(၆)အုပ်စု၊ တောင်သူပေါင်း(၃၉၃)၏ မိုးစပါး(၁၅၈)ဧက၊ အစေ့ထုတ်ပြောင်း(၆၃၅)ဧက စုစုပေါင်း(၇၉၇)ဧက ပျက်စီးခဲ့သည့်ကို သိရှိရပါကြောင်း၊ မိုးစပါးပျက်စီးဧကအပေါ် မိုးစပါးစိုက်ပျိုးရန် ရာသီအချိန်မှီသည့်အတွက် မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး အစေ့ထုတ်ပြောင်း ပျက်စီးဧကအပေါ်တွင် ဆောင်းသီးနှံအဖြစ် နေကြာ၊ အာလူး၊ ကြက်သွန်ဖြူသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အဆိုပါပျက်စီးဧကများအတွက် တစ်ဧကလျှင်၁သိန်း၆သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး တောင်သူများကိုလည်း တစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်နှုန်းနှင့် စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် တောင်သူများကို သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များကို ပြည်နယ်ဝန်ကြီး ချုပ်ဦးအောင်အောင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပေးအပ်ကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပါသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံတဲကျေးရွာမှ တောင်သူဦးလှရွှေ စိုက်ပျိုးထားသော အာလူးစံပြကွက်အားကြည့်ရှုခဲ့ကြပြီး တောင်သူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး