ကလော ဇန်နဝါရီ-၂၈
မြို့ပြနှင့်ကျေးလက်တို့အကြား လူနေမှုဘဝအခြေအနေ ကွာဟမှုများ လျော့နည်းစေရေးအတွက် ဇန်နဝါရီ(၂၈)ရက် နံနက်(၉)နာရီခွဲက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့နယ်ရပ်ကွက်(၈)မှတာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ကျေးရွာသွားလမ်း(၁)မိုင် ကတ္တရာလမ်းဖွင့်ပွဲကို အဆိုပါရပ်ကွက်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကလောမြို့နယ်၊ ရပ်ကွက်(၈)မှ တာယော – ရွာသစ် – ရွှေမင်းဖုန်းဘုရား – တောင်ပဲ့ကျေးရွာ သွားလမ်းသည် ၂၀၂၀ခုနှစ်မတိုင်မီအချိန်က ဒေသခံပြည်သူများအနေဖြင့် ကျေးရွာအချင်းချင်း ကူးလူးသွားလာရာတွင် လည်းကောင်း၊ ဒေသထွက်ကုန်များအား ကလောမြို့၊ အောင်ပန်းမြို့သို့ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း အခက်အခဲများရှိသော်လည်း ယခုအခါ အချိန်မရွေးအလွယ်တကူ သွားလာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်း တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ယခုလမ်းနှင့်ဆက်စပ်လျက်ရှိသော ရွှေမင်းဖုန်းဘုရားနှင့် ရွှေမင်းဖုန်းကျေးရွာသွားလမ်း (၁) မိုင်ကို၂၀၁၉ – ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းအဖြစ်လည်းကောင်း၊ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ကလောမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟင်းခါးကုန်း – ဆင်တောင် – ခွေးရုပ်လမ်းအား ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် မြေသားလမ်း(၇)မိုင်နှင့် ကျောက်လမ်း (၁)မိုင်တို့ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် လမ်းပိုင်းကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း (၇) ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ကျေးရွာအုပ် စု (၁) အုပ်စု၊ ကျေးရွာပေါင်း (၆)ရွာ၊ အိမ်ထောင်စုပေါင်း (၆၅၃) စု၊ လူဦးရေ (၃၀၀၀)ဦးအား အကျိုးပြုမည်ဖြစ်သည့်အပြင် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေသော ဒေသအခေါ်ရှုခင်းသာ (View Point)နှင့် ရွှေမင်းဖုန်းဘုရားသို့ လာရောက်ကြသည့် ခရီးသွားပြည်သူများအတွက်လည်း များစွာအထောက်အကူပြုသည့် လမ်းဖြစ်ပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ တံတားများတည် ဆောက်ရာတွင်လည်း ဒေသခံပြည်သူများအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကတ္တရာလမ်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇေယျာဝင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ဒေသခံ ဦးမောင်ခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြည်နယ်ဝန်ကြီးများကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးဦးရဲလွင်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် Trophy များအားလည်းကောင်း၊ ဒေခံပြည် သူတစ်ဦးက ဒေသထွက်လက်ဆောင်များအား လည်းကောင်း ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ် ရပ်ကွက်(၁၁)မှ နန်းတိုင်းကျေးရွာသို့သွား လမ်း၁၅/၄မိုင်ပေါ်ရှိ နန်းသဲချောင်းကူး (၄၀×၁၈×၂၄)ပေ ကွန်ကရစ်တံတား တည်ဆောက်မည့်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေူရုံး၊ ညွှန်ကြားရေးမှူးဦးရဲလွင်ဦးက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကွန်ကရစ်တံတား တည်ဆောက်မည်လုပ်ငန်းနှင့်စပ်လျဥ်း၍ ဖြည့်စွက်မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းအမှတ်(၄) ကလောနယ်မြေ၊ ကလောဘူတာအဆောက်အဦအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းနှင့်စပ်လျဥ်း၍ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောပြည်သူ့ဆေးရုံရှိ ခြံစည်းရိုးကာရံဆောင်ရွက်မည့် နေရာအားသွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
