ညောင်ရွှေ ဇန်နဝါရီ-၂၅
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ကျင်းပရာ ပြည်သူများလွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နံနက်(၆)နာရီက ညောင်ရွှေမြို့နယ်ရပ်ကွက် ကျေးရွာအသီးသီးရှိမဲရုံများတွင် မဲရုံမှူးများက မဲရုံစတင်ဖွင့်လှစ်ကြောင်းကြေငြာရာ ပြည်သူများကစိတ်အားထက်သန်၊ အေးချမ်းစွာဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် မဲစာရင်းလက်မှတ်များပြသ၍ ဆန္ဒမဲလာရောက်ပေးကြကြောင်းသိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ညောင်ရွှေမြို့နယ်အတွင်း ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် နန်းသီတာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် တိလောစခန်းကြီးကျေးရွာအုပ်စု မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ရွှေရန်ပြေ၊ တိလောစခန်းကြီးကျေးရွာအုပ်စု မဲရုံအမှတ်(၃)ကိုလည်းကောင်း၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် နန္ဒဝန်ရပ်ကွက် မဲရုံအမှတ်(၁,၂,၃)ကိုလည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မင်္ဂလာရပ်ကွက်မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အမှတ်(၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဝင်းရပ်ကွက်မဲရုံအမှတ်(၁)နှင့် နန်းပန်ရပ်ကွက် မဲရုံအမှတ်(၁)တို့ကိုသွားရောက်၍ ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့ရှိ သာစည်ကန်နှင့်နဒီကန်အတွင်း သဲနှုန်းများတူးဖော်နေမှုကို ကြည့်ရှုစစ်ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တူးဖော်ရရှိသော သဲနှုန်းမြေများကို ကန်တာဘောင်မြှင့်တင်ပေးရန်၊ အင်းလေးကန်အတွက် အဓိကဦးစားပေး ဆောင်ရွက်နေသောကြောင့် တာဝန်ကျဝန်ထမ်းများကိုလည်း လုပ်ငန်းကဏ္ဍအပိုင်းလိုက် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပိုနေသောမြေများကိုလည်း သာစည်ကန်နှင့်နဒီကန်တစ်ဘက်ရှိ လမ်း၏ဝဲဘက်တွင်လည်း တာဘောင်မြှင့်ဆောင်ရွက်ပေးရန်၊ အင်းလေးကန်ရှိ နှုန်းထိန်းတံမံများကိုလည်း ပြန်လည်စစ်ဆေးကြည့်ရှုပေးကြရန် လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေညောင်ညောင်ရွှေလမ်း(၈/၀)မိုင် လမ်းပိုင်းဆောင်ရွက်နေမှုနှင့် တာဘောင်မြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရဲလင်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းကိုစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် ရေရှည်ခိုင်ခံအောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး