တောင်ကြီး ဇန်နဝါရီ -၂၄
ကျောင်းသား၊ကျောင်းသူများ စာအုပ်/စာပေများနှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်စေရန်၊ စာဖတ်တဲ့အလေ့ အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကို ဖေဖော်ဝါရီ(၂၄)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအကအဖွဲ့မှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ တာဝန်ရှိသူများကို အလေးပြုကြသည်။
ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားနှင့်အကအဖွဲ့၊ ယဥ်ကျေးမှုအကအဖွဲ့၊ အေးရိုးဗစ်အဖွဲ့များအားဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူလေးများမှ စကားပုံဆက်၊ ရုပ်ပုံဆက်၊ ခါးလှည့်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများကိုလည်းကောင်း၊ စာအုပ်အရောင်းဆိုင်ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား အာဟာရဒါန စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများမှ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်ကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖက်စွမ်းရည်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အခြေခံပညာကျောင်းများမှ ခင်းကျင်းပြသထားသည့် သိပ္ပံပြခန်းများကို လည်းကောင်း၊ လှပသာယာ ပြည်မြန်မာ ဓါတ်ပုံပြခန်းနှင့် စာအုပ်ပြခန်းကိုလည်းကောင်း၊ စာပေဟောပြောပွဲတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ တောင်ကြီးမြို့အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ´´သီချင်းဖြင့် တေးသရုပ်ဖော် သီဆိုတင်ဆက်ကပြကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးမှုနှင့်အတူ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံ့ပိုးမှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စုစုပေါင်း(၁၃)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း ၂၀၂၅ခုနှစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေကျပ်(၄၉၈)သိန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၉)ကြိမ်၊ အရှေ့ပိုင်းတွင်(၃)ကြိမ်၊ မြောက်ပိုင်းတွင်(၂)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ် ကျင်းပရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ်အကျိုးဖြစ်စေနိုင်သည့် စာအုပ်၊စာပေများကို သက်ဆိုင်ရာစာကြည့်တိုက်များမှာ ထားရှိပေးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ စာပေဖတ်ရှုခြင်းမှာ အပျော်ဖတ်စာပေများကစပြီး ဗဟုသုတရရှိသည့်စာပေအထိ ဖတ်ရှုဖို့လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖရှိန်မြှင့်တင်ရေးပွဲတော်ကို ရည်ရွယ်ချက်ရှိစွာနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်သည့်အတွက် တာဝန်ရှိသူများအားလုံးက အလေးထားဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အတွက် အလှူငွေများပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးညွှန်ရွှေက လည်းကောင်း၊ ကျောင်းစာကြည့်တိုက်များအတွက် သုတ၊ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစု ကလည်းကောင်း၊ စေတနာရှင် အလှူရှင်များမှ အလှူငွေများပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်၊၊
ဆက်လက်၍ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါ်မေမေနီက ကျောင်းစာကြည့်တိုက်များအတွက် သုတ၊ရသစာအုပ်များ လှူဒါန်းပေးအပ်ရာ တောင်ကြီးခရိုင်ပညာရေးမှူး က လည်းကောင်း၊ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာသက် (စာရေးဆရာမငွေခြည်လင်းလက်)က သုတ/ရသစာအုပ်များလှူဒါန်းပေးအပ်ရာ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက လည်းကောင်းလက်ခံရယူကြသည်။
ဆက်လက်၍ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများမှ ရှမ်းရိုးရာအက၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက ကယန်းရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကြောင်းသိရသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာရေးဆရာမငွေခြည်လင်းလက်က လူငယ်နှင့်ဇွဲစိတ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ရွှေလေညင်းက ဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း လူငယ်ရေးရာ အသိပညာပေး စာပေဟောပြောခဲ့ကြပြီး ညနေပိုင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
