‎‎
တောင်ကြီး ဇန်နဝါရီ-၂၂
(၇၉)နှစ်မြောက်ရှမ်းပြည်နယ်နေ့၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့၊ (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ(၂၁)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကဖေဖော်၀ါရီလ(၅)ရက် (၆)ရက်နေ့များတွင် ဖွင့်လှစ်ရန်ရှိသည့်အခမ်းအနားများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး (၇)ရက်နေ့တွင် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းများအတည်ပြု ဆုံးဖြတ်ပေးရန်ရှိသည့်ကိစ္စရပ်များ တင်ပြပေးကြရန်လိုအပ်ကြောင်းနှင့် ဆွေးနွေးအတည်ပြု ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်ဆိုင်ရာများတွင်လည်း အားနည်းချက်မရှိအောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အတွက် အခမ်းအနားတက်ရောက်လာကြသည့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြခန်းများခင်းကျင်းပြသရေး လုပ်ငန်းကော်မတီ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးကော်မတီ၊ MSMEပြခန်းနှင့် ဒေသထွက်ကုန်များစျေးရောင်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၊ သစ်သီးဝလံပြပွဲ၊ ပြိုက်ပွဲကျင်းပရေးလုပ်ငန်းကော်မတီတို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေးနှင့် (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပရေးအတွက် လုပ်ငန်းကော်မီအသီးသီးမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး