‎‎
တောင်ကြီး ဇန်နဝါရီ ၁၇
ဆေးတက္ကသိုလ်-တောင်ကြီး၏ ဆေးပညာပထမနှစ်(၁၁/၂၀၂၅)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ညစာစားပွဲအခမ်းအနားကို ဆေးတက္ကသိုလ်တောင်ကြီး ဘက်စုံသုံးခန်းမတွင် ဇန်နဝါရီလ ၁၇ ရက် ညနေ ၆ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ဆေးပညာပထမနှစ်(၁၁/၂၀၂၅)သင်တန်း တက်ရောက်ကြသည့် မောင်တို့မယ်တို့အနေဖြင့် ဘဝခရီးဆက်ရန်အတွက် အသက်မွေး ဝမ်းကျောင်းပြုရမည့် ပညာရပ်များကို လေ့လာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်‌တောင်ကြီးသည် မောင်တို့မယ်တို့အတွက် (၆) နှစ်တာကာလ အတွင်း ဘဝဦးတည်ချက်အမျိုးမျိုးတည်ဆောက်ပြီး မိမိ၏ လမ်းကြောင်းပေါ်လျှောက်ရမည့် နေရာလည်းဖြစ်၍ တက္ကသိုလ်ကျောင်းသားဘဝ၏ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းကို ပီပီပြင်ပြင်ခံစားပြီး ဘဝ၏အသက်မွေး ဝမ်းကျောင်းပညာရပ်ကို စူးစူးစိုက်စိုက် လေ့လာသင်ယူကြရန် မှာကြားလိုပါကြောင်း၊ ရည်မှန်းချက်များ သွေဖည်မသွားစေရန် မိမိကိုယ်မိမိ ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင်သွားကြရန် ပြောကြား လိုပါကြောင်း၊ ဆေးပညာလေ့လာမည့်လူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နိုင်ငံ၏အနာဂတ် များဖြစ်ပါကြောင်း၊ ကိုယ်တိုင်ကြိုးစားပြီး မှန်ကန်သည့် စိတ်ဓာတ်ကို မွေးမြူစေလိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ပညာရှင်ကောင်းများအဖြစ် ပေါ်ပေါက်လာစေလိုပါကြောင်းပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်-တောင်ကြီး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာသဲနုထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပညာသင်နှစ်အလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက် ဆေးတက္ကသိုလ်‌တောင်ကြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့်ကပြဖျော်ဖြေကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆေးတက္ကသိုလ်တောင်ကြီးအတွက်ချီးမြှင့်ငွေကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်လည်းကောင်း၊ KBZ Group မှ ဆေးတက္ကသိုလ်တောင်ကြီးအတွက်ချီးမြှင့်ငွေကိုလည်းကောင်း ပေးအပ်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး