တောင်ကြီး ဇန်နဝါရီ-၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) 2026 အားကစားပွဲတော် အခမ်းအနားကို တောင်ကြီးမြို့ ပြည်နယ်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားသမားများနှင့် ဘင်ခရာအဖွဲ့တို့မှ ကစားကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်မိန့်ခွန်းပြောကြားရာ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေးကြီးပြီး အခြေခံကျတဲ့အခမ်းအနားဖြစ်ပါကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC)၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လူငယ်ဘောလုံးပွဲတော်များကို ကျင်းပလျက်ရှိပြီး SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) 2026 အခမ်းအနားသည် ရှမ်းပြည်နယ်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် ပထမဦးဆုံး ကျင်းပဆောင်ရွက်နိုင်ခြင်းဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း၊ ယခုကဲ့သို့ လူငယ်ဘောလုံးပွဲတော်များကို ပိုမိုပြုလုပ်ပေးခြင်း အားဖြင့် ကလေးလူငယ်များအကြား ဘောလုံးကို ပိုမိုစိတ်ဝင်စား လိုက်ပါကစားလာနိုင်ကြမည့်အပြင် ကျန်းမာပျော်ရွှင်မှုကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ဘောလုံးကိုစိတ်ဝင်စားပြီး လိုက်ပါကစားသည့် လူငယ်များလာလျှင် လူငယ်ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် လူငယ်ဘောလုံးသမားများ များစွာပေါ်ထွက်လာမည်ဖြစ်ပြီး လူငယ်ဘောလုံးပြိုင်ပွဲအား အများအပြား ကျင်းပပြုလုပ်ပေးခြင်းအားဖြင့်လည်း အနာဂါတ် မြန်မာ့လက်ရွေးစင်အသင်း အဆင့်ဆင့်အတွက် မျိုးဆက်သစ်ကစားသမားကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လူငယ်ဘောလုံးပွဲတော်များနှင့် လူငယ်ဘောလုံးပြိုင်ပွဲများသည် နိုင်ငံ၏ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကျသည့် အုတ်မြစ်တစ်ခုဖြစ်ပါကြောင်းပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ဘင်ခရာတပ်ဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) 2026 အားကစားပွဲတော်ကိုစတင်ပေးပြီး ဘောလုံးကွင်းအတွင်း ကလေးလူငယ်များ ဘောလုံးလေ့ကျင့်ဆော့ကစားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ယင်းနောက် ပြည်ထောင်စုအဆင့် MSME ပြခန်း နှင့် ဒေသထွက်ကုန်များ ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြည်ထောင်စုအဆင့် MSME ပြခန်း နှင့် ဒေသထွက်ကုန်များ ဈေးရောင်းပွဲတော်တွင် ရှမ်းပြည်နယ်အနေဖြင့် ယခင်နှစ်ထက် ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရေးအတွက် ယခင်နှစ်၏ အားသာချက်၊ အားနည်းချက်များအပေါ်အခြေခံကာ ကြိုတင်စီမံချက်များဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီများစနစ်တကျဖွဲ့စည်း၍ ဒေသ၏ပုံရိပ်ကိုပေါ်လွင်စေမည့် အမျိုးအစားစုံလင်သောအခင်းအကျင်းများ စိတ်ဝင်စားဖွယ်ဖြစ်စေရန် Layout plan များ စနစ်တကျရေးဆွဲ ဆောင်ရွက်စေလိုပါကြောင်း၊ ပါဝင်ဆောင်ရွက်မည့် ဒေသထွက်ကုန်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား အစည်းအဝေးခေါ်ယူ၍ စနစ်တကျရှိစေရေး ဆောင်ရွက်သင့်ပါကြောင်း၊ ရှမ်းပြည်နယ်ရှိ ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများကို စုံလင်စွာပြသပေးစေလိုပါကြောင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး က ယခင်နှစ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ယခုနှစ်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
