‎‎
တောင်ကြီး ဇန်နဝါရီ-၁၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာရှိ ငါးဖိန်းအင်းမွေးမြူရေးဇုန်သို့ ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၈ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာ ငါးဖိန်းအင်းမွေးမြူရေးဇုန်ကို စားရေရိက္ခာဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် လုပ်ငန်းရှင်များ၊ မွေးမြူ‌ရေးဇုန်ဒေသ၊ ပြည်နယ်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်ရန်အတွက် ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်လုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဒေသအကျိုးအတွက် ယခုခရီးစဉ်အား လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ‌မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းအခက်အခဲများရှိပါက တင်ပြကြရန်ပြောကြားပြီး ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ငါးဖိန်းအင်းမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။
ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများအားတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မွေးမြူသည့်နွား‌အရေအတွက်တိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်ရရှိရန်လိုအပ်ပြီး မျိုးမြှင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ ‌စိုက်ပျိုးမွေးမြူသူလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများတိုးတက် အောင်မြင်စေရေး ဌာနဆိုင်ရာများက ပေါင်းစပ် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းရှင်များ အချင်းချင်း နည်းပညာဖလှယ်ခြင်း၊ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်ပအထိတင်ပို့နိုင်သော အရည်အသွေးရရှိနိုင်စေရေး စနစ်တကျမွေးမြူရန် လိုအပ်ပါကြောင်း၊ ရောဂါကူးစက်ခြင်းကင်းစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအဆင်ပြေစေရန် သက်ဆိုင်ရာဌာနမှ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ဆောင်ရွက်ရန်ကျန်သည့်လုပ်ငန်းများ လျင်မြန်စွာပြီးစီးရန်လိုအပ်ပြီး လုပ်ငန်းများပြီး‌စီးပါက ကော်မတီသို့လုပ်ငန်းများလွှဲပြောင်းပေးမည်ဖြစ်၍ စနစ်တကျစီမံဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရမှ မွေးမြူရေးဇုန်လုပ်ငန်းအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်းရှိ အသားတိုးနွားမွေးမြူရေးရုံများ၊ တိရစ္ဆာန် အစာပင်များစိုက်ပျိုးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု ညောင်ခါးရှည်ကျေးရွာရှိ တောင်သူဦးစိုးဝင်း၏ အာလူးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်သို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများနှင့် အာလူးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့ တာဝန်ရှိသူတို့က အာလူးမျိုးများနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများ အားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးစိုးဝင်း ၏ RUMBA၊ L-6 နှင့်MUF-1 အာလူးမျိုးများစိုက်ပျိုးထားသည့် အာလူးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ကိုလည်ကောင်း၊ စိုက်ကွက်အတွင်း Solar Pump ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် (၇၉)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဒေသထွက်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေးအတွက်ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs ထုတ်ကုန်များ၊ ဒေသထွက်ကုန်များကို စနစ်တကျရောင်းချနိုင်ရန် ဆိုင်ခန်းများ နေရာချ တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ရိုးရာအစားအစာပြခန်း၊ ဌာနဆိုင်ရာပြခန်းများ တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆိုင်ခန်းနှင့် ပြခန်းများအားစနစ်တကျနေရာချထားရန် တာဝန်ရှိသူများအားမှာကြား၍ ‌လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး