‎‎
တောင်ကြီး ဇန်နဝါရီ-၁၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် တောင်ကြီးခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေပူ-ကျောက်နီလမ်း(၁/၀)မိုင် မြေမှကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဇန်နဝါရီလ ၁၃ ရက်‌၊ နံနက် ၉ နာရီခွဲက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်က ရေပူ-ကျောက်နီလမ်း(၁/၀)မိုင် မြေမှကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးရေးတို့ကို မှာကြားပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောက်နီမွေးမြူရေးဇုန်သို့ရောက်ရှိပြီး ဆေးဖြန်းဂိတ်အနီး Quarantine Area တည်ဆောင်မှုလုပ်ငန်း၊ ကွန်ကရစ်လမ်း၊ သံဆူးကြိုးကာရံခြင်းလုပ်ငန်းများကိုလာ်းကောင်း၊Box Culvert တည်ဆောက်ပြီးစီးမှုနှင့် တည်ဆောက်ဆဲလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီတို့မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်နီမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ရောက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မွေးမြူရေးဇုန်အတွင်း မွေးမြူရေးနှင့် ‌မွေးမြူရေးဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ၊ လုပ်ငန်းများ တိုးတက်မှုအခြေအနေများကို လည်း ကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ပုံမှန်တိုးတက်မှုရှိစေရန် ‌ဖွဲ့စည်းထားသည့် ကော်မတီအလိုက်စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်၊ မွေးမြူရေးဇုန်အတွက် အထောက်အကူပြုမည့် သီးနှံ၊ အပင်များစိုက်ပျိုးရေး၊ သက်ဆိုင်ရာဌာနများမှ ‌စိုက်ပျိုးမွေးမြူသူလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများတိုးတက် အောင်မြင်စေရေး ဌာနဆိုင်ရာများက ပေါင်းစပ် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းရှင်များ အချင်းချင်း နည်းပညာဖလှယ်ခြင်း၊ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းများပြီးစီးပါက မွေးမြူရေးဇုန်စီမံခန့်ခွဲရေးကော်မတီထံသို့ လုပ်ငန်းများလွှဲပြောင်းပေးမည်ဖြစ်၍ ကော်မတီမှ လုပ်ငန်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အခက်အခဲရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံတင် ပြပေးရန်နှင့် လုပ်ငန်းများတိုးတက်အောင်မြင်ရေးအတွက် ကြီးကြပ်မှုကော်မတီမှ လစဉ်ကြီးကြပ်‌ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ စံပြမွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများတိုးတက်အောင်မြင်မှုရှိအောင် အလေးထား ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ကျောက်နီမွေးမြူရေးဇုန်အတွင်း မွေးမြူသူလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မွေးမြူရေးဇုန်အတွင်းရှိ နို့စားနွား၊ ဒေသနွားမွေးမြူရေးရုံများ၊ (၁-၂ လသားအရွယ်) နို့စို့နွားကလေးခြံတို့ကိုလည်းကောင်း၊တိရစ္ဆာန်အစာအချဉ်ဖတ်ကန်နှင့် အစာပင်စိုက်ပျိုးထားရှိမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး