တောင်ကြီး ဇန်နဝါရီ-၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရှောင်လမ်း လေးမိုင်ကွေ့-နောင်တလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး(မွေးမြူရေးဇုန်လမ်း)(၁၇/၄)မိုင် အား ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှောင်လမ်း ဇော်ဂျီကွေ့(Sကွေ့) နှင့် (၆/၁) မိုင်ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရှမ်းပြည်နယ် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်နိုင်က မြို့ရှောင်လမ်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရန်ပုံငွေနှင့် လုပ်ငန်းများဆောင်ရွက်နေမှူ အခြေအနေများအားလည်းကောင်း၊ မြို့ရှောင်လမ်း၏ မြေပြင်အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ရှောင်လမ်းအား အသုံးပြုသည့် မော်တော်ယာဉ်များ လမ်းပန်းဆက် သွယ်ရေးအဆင်ပြေချောမွေ့စေရေး အတွက် ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကျခံ အသုံးပြုခဲ့ခြင်းဖြစ်၍ သက်ဆိုင်ရာ ဌာနများက စနစ်တကျ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊လမ်းဧရိယာနှင့်မလွတ် ကင်းသည့် အဆောက်အအုံမြေနေရာများအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လမ်းဘေးရေမြောင်းများ စနစ်တကျရှိစေရေးဆောင်ရွက်ရန်နှင့် လိုအပ် သည်များကိုပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရေအေးကွင်းရပ် ကွက်၊ ခြေင်္သ့လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လမ်းခင်းခြင်းလုပ် ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လည်းကောင်း၊ ADS Myanmar Co,Ltd မှ လှူဒါန်းငွေဖြင့်ဆောင်ရွက်မည့် တောင်ကြီးမြို့တွင်းလမ်းအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများသတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စီမံဆောင်ရွက်ရန်၊ လမ်းဘေးလူသွားစင်္ကြန်နှင့် ရေနှုတ်မြောင်းများ ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန် နှင့် လိုအပ်သည်များကိုဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
