‎‎
တောင်ကြီး ဇန်နဝါရီ-၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် (၁/၂၀၂၆)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဥ်များ အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ပြည်သူလူထုမှရွေးချယ်သည့်အစိုးရကို အောင်မြင်စွာ အာဏာလွှဲအပ်နိုင်ရေးလုပ်ငန်းစဉ်များ အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ အား အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများ လွှတ်လပ်ပြီးတရားမျှစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့်အလေးထား ဆောင်ရွက်ရန်၊ မဲဆန္ဒရှင်ပြည်သူများအတွက် လိုအပ်လျှင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် မှာကြားခဲ့ပြီးဖြစ်ကြောင်းနှင့် စက်သုံးဆီလိုအပ်ချက်များကို စိစစ်ခွင့်ပြုပေးမည် ဖြစ်ပါကြောင်း၊ မဲပေးသူများပြားသည့် မဲရုံများတွင် ကြာရှည်စွာတန်းစီစောင့်ဆိုင်းရသည့် ပြည်သူများအတွက် အဆာပြေစားသုံးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ မဲပေးစက်အဆိုင်းတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်သည့် မဲရုံများကိုလည်း တာဝန်ရှိသူများက အလေးထား ကွင်းဆင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံ‌‌တော်မှ လာမည့်နွေရာသီတွင် နွေသီးနှံစိုက်ပျိုးရေး အလေးထားဆောင်ရွက်ရန်၊ ယခင်နှစ်မိုးရာသီတွင် မိုးကြီး၊ ရေလျှံမှုကြောင့် စိုက်ခင်းများပျက်စီးမှုရှိခဲ့ပြီး အဆိုပါစိုက်ခင်းဧကများတွင် နွေသီးနှံများ ရာသီနှင့်အညီ အချိန်မီစိုက်ပျိုးနိုင်ရေး မျိုးစုဆောင်းခြင်း၊ သွင်းအားစု စုဆောင်းခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနများမှ ပြည်သူအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သွင်းအားစုများကို နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးပေးလျက်ရှိပါကြောင်း၊ အသားတိုးကျက်၊ ဥစားကြက်နှင့် ဝက်မွေးမြူရေးကို ဦးစားပေး ဆောင်ရွက်ရန်၊ ဒုတိယဦးစားပေးအနေဖြင့် နွားမွေးမြူရေးအပြင် အခြားမွေးမြူရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန်၊ ဒေသအလိုက် စားရေရိက္ခာဖူလှုံမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရန်နှင့် လိုအပ်ပါက မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊လစဉ်တိုးတက်မှုအခြေအနေများတင်ပြကြရန် လိုအပ်ပါကြောင်း၊ လာမည့် ဇန်နဝါရီလနှင့် မတ်လအတွင်း ဆောင်ရွက်မည့် အခြေခံပညာကျောင်းစာမေးပွဲများတွင် ကျောင်းသား/သူ ရာနှုန်းပြည့်ဝင်ရောက်ဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ သင်ရိုးညွှန်းတမ်းများနှင့်အညီ အချိန်မီပြီးပြတ်စွာသင်ကြားနိုင်ရေး၊ ပညာရေးဌာနမှ ကြီးကြပ်၍ ‌ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အခြားသင်တန်းများကို အရည်အသွေးပြည့်မီသောနည်းပြများဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားရန်လိုအပ်‌ပါကြောင်း၊ ဘတ်ဂျက်နှစ် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး၊ စာရင်းစစ်ဆေးမှုခံနိုင်ရေး၊ တောင်းခံငွေလုံလောက်စွာရရှိရေးလုပ်ငန်းများကို စီမံချက်များ စနစ်တကျရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်တင်ပြရာတွင် အချက်အလက်များမှန်ကန်မှုရှိမှသာ စီမံကိန်းရေးဆွဲရေးလုပ်ငန်းများမှန်ကန်နိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မန္တလေးငလျင်ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည့်လုပ်ငန်းများတွင် အမှန်တကယ်နစ်နာသည့်ပြည်သူများကို စနစ်တကျစာရင်းပြုစု၍ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုများနှင့် ဆက်စပ်နေသည့်အပြင် နိုင်ငံတော်အတွက်ဆုံးရှုံးများစွာဖြစ်ပေါ်စေပြီး အမျိုးသားအဆင့်ပြဿနာတစ်ရပ်ဖြစ်၍ အမြစ်ပြတ်ချေမှုန်းနိုင်ရေး တာဝန်ရှိသူများမှ သက်ဆိုင်ရာဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး အ‌လေးအနက်ထားပူးပေါင်း‌ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးကိစ္စ၊ လက်နက်ကိစ္စရပ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဥဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှုများမရှိစေရေး နိုင်ငံတော်မှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် ဟန့်တား ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းမှ ယခင်လအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများအားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် ပြည်နယ်ရဲမှူးချုပ်တို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ်ပြန်လည် ဖြည့်စွက်ဆွေးနွေးရာ ဌာနဆိုင်ရာများအနေဖြင့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုကင်းစင်ရေး စစ်ဆေးရေးဂိတ်များမှ ပြည်တွင်းမရောက်မီ တားဆီးဆောင်ရွက်နိုင်ရေး၊ စစ်ဆေးရေးဂိတ်များတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်ရန်၊ လမ်း၊ တံတားလုပ်ငန်းများ စောလျင်စွာပြီးစီးရေး၊ မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အခွန်အခများမှန်ကန်စွာရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့်အခက်အခဲများကို အချိန်နှင့်တပြေးညီတင်ပြကြရန်၊ ရွေးကောက်ပွဲဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ စနစ်တကျကြိုတင်စစ်ဆေး‌ရေး၊ စိုက်ပျိုးရေးထောက်ပံ့မှုများ ထိရောက်မှုရှိစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မွေးမြူရေးဇုန်များအတွင်း လုပ်ငန်း တိုးတက်မှုအခြေအနေများကိုတင်ပြပေးရန်လိုအပ်ပါကြောင်းဖြည့်စွက်ဆွေးနွေးပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်း‌ရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ကဏ္ဍအလိုက်လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး