တန့်ယန်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ဇန်နဝါရီလ၁ရက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲ၌ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးကျော်မျိုးမြင့်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုဦးတို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ဖြင့် ကျင်းပ ဆောင်ရွက်မည့် အခြေအနေများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို့ ပါဝင်သော မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးမှာကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးသစ်ထွန်းတို့က အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တန့်ယန်းမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)မှ ဦးဆောင်ကြီးမှူး၍ ဆောင်ရွက်ပြီးစီးခဲ့သော နန်းစမ်းပူး ဥယျာဉ် ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ဥယျာဉ်မုဒ်ဦး၌ ကျင်းပခဲ့သည်။
“နန်းစမ်းပူး” ဥယျာဉ် ဖွင့်ပွဲတွင် ဓမ္မဂုဏ်ရည်ကျောင်းတိုက် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောလိယ (မဟာသဒ္ဓမ္မဇောတိ ကဓဇ)၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးချန်မျိုးထွန်းနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းပုံရိုက်ကူးကာ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့