ဆီဆိုင် ဇန်နဝါရီ-၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး သည် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီလ၁ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇန ခန်းမဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက် ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဆီဆိုင်မြို့နယ်အား ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံ၊ မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်များ အသင့်ပြင်ဆင်စုဖွဲ့ သယ်ဆောင်ဖြန့်ခွဲထားရှိရေး၊ မဲရုံးသုံးပစ္စည်း များ မဲစာရင်းအပါအဝင် အသုံးပြုရမည့် ပုံစံစာရင်းဇယားများအား စနစ်တကျ ပြင်ဆင်ထားရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့် အညီ ကြီးကြပ်ဆောင်ရွက်ရေး စသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြား သည်။ ထို့နောက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းဝင်းက ရွေးကောက်ပွဲ အပိုင်း(၁)ဆောင်ရွက်ပြီးစီးခဲ့မှုများနှင့် အပိုင်း(၂)တွင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး က ဆီဆိုင်မြို့နယ်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်း နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့ က ဆွေးနွေးမေးမြန်းကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့