တောင်ကြီး ဒီဇင်ဘာ-၁၈
ပညာရေးသည် နိုင်ငံနှင့်လူမျိုး၏ အသက်ဝိညာဥ်၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ခုနှစ် ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၈)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က နိုင်ငံသူနိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာများ တိုးတက်လာစေရေး၊ ပညာရည်မြင့်မားလာစေရေး စသည့် ပညာရေးလောက အကျိုးကို ဆောင်ရွက်ရာတွင် ဆရာ၊ဆရာမများ၏ အသိပညာအတတ်ပညာသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် ရပ်တည်နေပါကြောင်း၊ လောကကို ပညာဖြင့်အလှဆင်နေကြသူများဖြစ်သည့် ဆရာ၊ဆရာမများက မိမိတို့၏ ပညာရေးလောကဝန်းကျင်တွင် အများကောင်းကျိုးအတွက် ထမ်းရွက်ရင်း မိမိအရည်အသွေးကိုလည်း အစဥ်အမြဲမြင့်တင်ပြီး ပညာရေးနှင့်ပတ်သက်သည့် ဝမ်းစာများပြည့်ဝနေရန် ကြိုးစားကြရမှာဖြစ်ကြောင်း၊ မောင်တို့၊မယ်တို့အနေဖြင့် နှလုံးရည်နှင့်ပညာရည်တို့ ဟန်ချက်ညီမျှနေစေရန် ပညာရေးဒီဂရိကောလိပ်တွင် တက်ရောက်မည့်(၄) နှစ်တာသင်တန်းကာလအတွင်း ကလေးသူငယ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာ နည်းနာများကို ကြိုးစားသင်ယူကြရမှာဖြစ်ကြောင်း၊ မိမိအရည်အချင်းကို ပြသခွင့်၊ ဖော်ထုတ်ခွင့်၊ ထုတ်ဖော်အသုံးချခွင့်၊ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ခေါင်းဆောင်ခွင့်များရရှိရန်၊ မိမိပတ်ဝန်းကျင်မှလူအများနှင့်သဟဇာ တဖြစ်အောင်ကြိုးစားနေထိုင်တတ်စေရန်၊ အကောင်းဖက်သို့ Positive Thinking ဖြင့် ရှေးရှုမျှော်တွေးတတ်ပြီး မိမိ၏ပညာ့ ပတ်ဝန်းကျင်တွင် အသုံးဝင် လိုအပ်သော အဖိုးတန်လူသားတစ်ဦးဖြစ်လာစေရန်၊ မိမိတို့၏ မျိုးဆက်သစ်များကို အကောင်းဆုံး အတော်ဆုံး ပညာပြည့်ဝလူသားပီသသူများဖြစ်လာစေရန် ပုံသွင်းပြုပြင်သင်ကြားပြသပြီး ပညာအမွေကို လက်ဆင့်ကမ်းပေးကြရန်ပြောကြားသည်။
ထို့နောက် တတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား ၊ကျောင်းသူများနှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား ၊ကျောင်းသူများမှ ကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း(၃၀)နှင့် ကပြဖျော်ဖြေပေးသွားသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိူင်ဦးက ကြက်ဥအလုံး(၃၀၀၀) ကိုလည်းကောင်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းအေးသီရိဦးနှင့် ကျောင်းသား၊ကျောင်းသူများမှ လက်ခံရယူကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအပြင်ဘက်တွင်ပြသထားသော တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်း ၏ ဆောင်ရွက်မှုမှတ်တမ်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့