ခိုလမ် ဒီဇင်ဘာ ၁၂
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်(၉)နာရီက ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာကြီး ဦးကျော်စိန် က အဖွင့် အမှာစကားကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်စွာ နေထိုင်တတ်သည့်မျိုးချစ်စိတ်ဓာတ်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စောင့်ရှောက်ရမည့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားလာပြီး အနာဂတ်တိုင်းပြည်ကြီးတွင် ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြတ်သော လူငယ်များအဖြစ် ပူးပေါင်းပါဝင်ကြရန်၊ အသိဉာဏ်ပညာ ကြွယ်ဝရန် စာပေပညာများလေ့လာဖတ်ရှု့ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မေဦး က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ လွတ်လပ်ရေးမရခင် ခက်ခဲကြမ်းတမ်းလှသော မြန်မာ့သမိုင်းပုံရိပ်များ၊ တိုင်းရင်းသားများအားလုံးအပေါ် နယ်ချဲ့တို့မှ ကျွန်ပြုခဲ့သည့် သမိုင်းပုံရိပ်များ၊ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရန် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်စွာပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှု နှစ်ကာလ သမိုင်းပုံရိပ်များကို အကျယ်တဝင့်ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ယခုလိုလွတ်လပ် နေသောဘဝကို အမြတ်တနိုးတန်ဖိုးထားကြပြီး သမိုင်းမှပေးအပ်သော အမျိုးသားရေးတာဝန်အဖြစ် လက်ဆင့်ကမ်း၍ ကိုယ့်နိုင်ငံအချုပ်အချာအာဏာတည်တန့်ခိုင်မြဲမှု၊ ကိုယ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေ အနှစ် ရေ၊ မြေ တို့ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် အသိပညာပေးအကြောင်းများ ဟောပြော ခဲ့ပြီးနောက် လွတ်လပ်ရေးကျောက်တိုင်နှင့် အရံကျောက်တိုင်တို့၏ အမြင့်ပေများ၊ ကျောက်တိုင်တွင် ပါဝင်သောကျောက်စာများအကြောင်းနှင့် လွတ်လပ်ရေးသမိုင်းကျောက်တိုင် တည်ရှိရာနေရာများ အား အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် အထက်တန်းပြဆရာမ ဒေါ်ခင်စုလတ်မှ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုသော ဆုတံဆိပ်များအကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု လမ်းခရီးမှ အမျိုးသားအောင်ပွဲနေ့မှတ်တမ်းသမိုင်းများအပြင် တောင်သူလယ်သမား အရေးတော်ပုံ သမိုင်း၊ ရေနံမြေအလုပ်သမားအရေးတော်ပုံသမိုင်းများကို ထပ်ဆင့် ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများဖြင့် သမိုင်း ပုံရိပ်များ ဆွေးနွေးခဲ့ရာ ဆွေးနွေးမှုကဏ္ဍတွင် ပါဝင်မှုအကောင်းဆုံး ဆုရရှိသည့် ကျောင်းသူများအား အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်/စာစောင်များအား လေ့လာဖတ်ရှုခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာကြီး ဦးကျော်စိန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိ ရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
