တောင်ကြီး ဒီဇင်ဘာ-၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ(၁၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ သူနာပြုသင်တန်းကျောင်း RC(၄)ခန်းတွဲ(၄)ထပ် အရာထမ်းဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လေးမြင့်နိုင်ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦးအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် သူနာပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်းကျောင်းအတွက် လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး RC(၄)ခန်းတွဲ(၄)ထပ် အရာထမ်းဝန်ထမ်းအိမ်ရာ အဆောက်အဦ တည်ဆောက်နေမှုအားလည်းကောင်း၊ သူနာပြုသင်တန်းကျောင်းရှိ သောက်ရေသန့်စက်အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများသိုလှောင် ထားရှိနိုင်ရန်စတိုခန်းနှင့် ရေဝပ်ဧရိယာအတွင်းရေထွက်ရှိနိုင်ရန် ရေနုတ်မြောင်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံသေကျေးရွာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် တောင်သူနည်းပညာပေးဆွေး နွေးပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်သည် စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုံညင်း၊ ပန်းနှမ်း၊ ပဲမျိုးစုံဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ ပဲစဥ်းငုံသီးနှံများအပြင် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ မက္ကဒေးမီးယား စသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီ၍ စီးပွားရေးတွက်ချေကိုက်ပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်သည့် ပဲပုပ်နှင့်ဂျုံသီးနှံတို့ကို ရှမ်းပြည်နယ်၏ အဓိကသီးနှံ(၁၃)မျိုးတွင် ထည့်သွင်းသတ်မှတ်နိုင်ရေးအတွက် အဆိုပြုတင်ပြဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ပြီး နေကြာသီးနှံအနေဖြင့် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဥ်မည်ဆိုပါက အထွက်နှုန်းမြင့်မားပြီး အကျိုးအမြတ်ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးချိန်ကာလတိုတောင်းသည့်အတွက် တစ်နှစ်အတွင်း သီးထပ်အကြိမ်ရေ နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးလျက်ရှိသည့် ပဲပုပ်သီးနှံကိုလည်း ဆီထွက်သီးနှံ တစ်မျိုးအနေဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်သုံးစွဲခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကို ကောင်းစွာနားလည်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း၊ မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များဆွေးနွေးပြောကြားခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာများ ထည့်သွင်းအသုံးပြုခြင်း၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများဆောင်ရွက်ခြင်းများကို စိုက်ပျိုးရေးပညာရှင်များက ဆွေးနွေးပေးသွားမှာဖြစ်ပြီး တောင်သူများအနေဖြင့် သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးကြရန် ပြောကြားသည်။
၎င်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးပညာရှင်များအနေဖြစ် စျေးကွက်အခြေခံသော နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်ရန်၊ စပါး၊ နေကြာ၊ ပဲပုပ်သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအား အသုံးပြုစိုက်ပျိုးကြရန်၊ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် စိုက်ပျိုးထုတ်လုပ်ခြင်းများ ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးသုတေသနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ အာလူးမျိုးကူးစပ်မွေးမြူရွေးချယ်ခြင်းစီမံချက်တွင် တောင်သူများပူးပေါင်းပါဝင်ကြရန်၊ မျိုးစေ့ထုတ်ရွာ တည်ထောင်နိုင်ရေး အထူးမှာကြားလိုသည်မှာ တောင်သူများအနေဖြင့် အရည်အသွေးကောင်းမျိုးသုံးရန်၊ မျိုးစေ့နှုန်းထားချွေတာရန်၊ ရေကိုချွေတာသုံးစွဲရန်၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းအောင် ဆောင်ရွက်ပါဆို သည့်အချက်များကို လိုက်နာစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများထောက်ပံ့ပေးအပ်ကြပြီး တက်ရောက်လာသည့် တောင်သူဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တောင်သူဦးထွန်းစိန်စိုက်ပျိုးထားသည့် စူပါဆန်း နေကြာသီးနှံစံပြကွက်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ထီသိမ် View Pointသွားလမ်း ပြုပြင်ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ View Point ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာဌာနများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့