တောင်ကြီး ဒီဇင်ဘာ-၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသအတွင်းရှိ ဓမ္မစကူးလ်ဌာနများနှင့် ဆရာ၊ ဆရာမများအား ရှမ်း/တောင်ရှိ မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီက ဂုဏ်ပြု၊ လှူဒါန်း၊ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာလ(၅)ရက် မွန်းလွဲ(၁)ရီက တောင်ကြီးမြို့၊ ကမ္ဗောဇသာသနာ.ဗိမာန်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရှမ်းပြည်နယ်သံဃနာယက အဖွဲ့(ဥက္ကဋ္ဌ) ရှမ်း/တောင်မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီနာယက၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တတေဇဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဓမ္မစကူးလ်ဆိုင်ရာ အားပေးဂုဏ်ပြုစကားပြောကြားရာ တောင်ကြီးမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီကို၂၀၁၅ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်း/တောင်မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်များ ရေရှည်တည်တံ့၊ ပြန့်ပွား၊ တိုးတက်ဖွံ့ဖြိုးရေးကော်မတီအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့က တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ လက်ရှိကော်မတီတွင် နာယက ဆရာတော် (၁၉)ပါးနှင့် လူပုဂ္ဂိုလ်(၂၀) ဦးပါဝင်ပြီး စုပေါင်းလှူ ဒါန်းပေးကြသည့် မတည်ငွေများဖြင့် ကော်မတီအတွက် ငွေပဒေသာပင်စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ရှမ်း/တောင်ဒေသအတွင်း မြို့ပေါင်း(၂၁)မြို့ရှိ ဓမ္မစကူးလ်လုပ်ငန်းများကို လှူဒါန်းထောက်ပံ့ခဲ့ပါကြောင်း၊ ဦးစားပေး လုပ်ငန်းအဖြစ်ကော်မတီ၏ ထောက်ပံ့စီစဥ်မှုဖြင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်းတစ်ကြိမ်လျှင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအသီးသီးမှ ဆရာ၊ ဆရာမ(၆၀)ဦးစီကို ဗဟိုဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ နည်းပြဆရာမများက ညအိပ်ညနေ(၇)ရက် ကြာ စနစ်တကျသင်ကြားပေးခဲ့ပါကြောင်း၊ ယနေ့အထိမူလတန်းနှင့် အလယ်တန်းဆရာဖြစ် သင်တန်းပေါင်း(၄၉)ကြိမ် ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမပေါင်း (၂၇၀၀)ကျော်မွေးထုတ်နိုင်ခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် အခက်အခဲများကြားမှ ကြိုးစားဖွင့်လှစ်နေသော ဓမ္မစကူးလ်ဌာနများနှင့်စေတနာရှင် ဆရာ၊ ဆရာမများကို ဂုဏ်ပြုအားပေးလို၍လှူဒါန်း၊ ထောက်ပံ့မှုအဖြစ် ၂၀၂၂ ခုနှစ်မှစ၍ ယခု ၂၀၂၅ ခုနှစ် အထိ ( ၄ )ကြိမ် လှူဒါန်းထောက်ပံ့ခဲ့ရာ ဂုဏ်ပြုထောက်ပံ့ လှူဒါန်းငွေပေါင်း သိန်း(၁၅၀၀)ခန့်ကို လှူဒါန်းနိုင်ခဲ့ပါကြောင်း၊ လာမည့်နှစ်များတွင် ဓမ္မစကူးလ် ဌာနများကို ပိုမိုဖွင့်လှစ်လာနိုင်မည်ဖြစ်ပြီး ကော်မတီ၏ထောက်ပံ့လှူဒါန်းမှုများလည်း ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
၎င်းနောက် ရှမ်း/တောင်မြို့နယ်ပေါင်းစုံ ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးစံလင်းက ဓမ္မစကူးလ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး အလှူငွေများလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် သိန်း(၁၀၀)၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်မောင်က အလှူငွေကျပ်(၅)သိန်း၊ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုတည်ထောင်သူ နာယကနိုင်ငံတော် သမ္မတ၏နိုင်ငံ့စွမ်းဆောင်ရည်ဆု (၄)ထပ်ကွမ်းဆုရှင် ဝဏ္ဏကျော်ထင်၊ စည်သူ၊ ပင်လုံဂုဏ်ရည်၊ သရေစည်သူဦးအောင်ကိုဝင်း (စီမံထူးချွန်းပထမဆင့်၊လူမှုထူးချွန်ပထမဆင့်)နှင့် ဇနီး သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ ၊အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး(လူမှုထူးချွန်ပထမဆင့်) ကမ္ဘောဇဘဏ် လီမိတက်မိသားစုမှ ငွေကျပ်သိန်း (၁၀၀၀)၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တို့က အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြရာ ရှမ်း/တောင်မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးစံလင်းမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်းပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်း /တောင်မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ရှမ်း /တောင်ဒေသအတွင်းရှိ ပေါင်းစုံဓမ္မစကူးလ်ဌာနများအား လှူဒါန်းထောက်ပံ့ငွေများ အသီးသီးပေးအပ်လှူဒါန်းပေးကြကြောင်း သိရသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရှမ်းပြည်နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီနာယက သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ဘဒ္ဒန္တတေဇဝံသထံမှ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
