လားရှိုး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အိမ်တိုင်ရာရောက် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ၁ရက် နံနက်ပိုင်းမှစတင်ကာရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်း၊
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှု အခြေအနေများကြား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မှာကြားခဲ့သည်။
လားရှိုးမြို့တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲစာရင်းမှန်ကန်စေရေး၊ မဲစာရင်း၌ ပါဝင်သင့်သူများမကျန်ရှိစေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် လားရှိုးမြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီက ရပ်ကွက် (၈)၊ နယ်မြေ (၁)ရှိ အဆိုပါရုံး၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးတို့က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌနှင့် တာဝန်ရှိသူများက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆိုင်းပုဒ်အား အောင်သပြေခက်ဖြင့် အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာများပူးပေါင်း၍ လုပ်ငန်း(ယာယီ) ရပ်ဆိုင်းထားသော လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၁) ရှိ လားရှိုးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်သည်။
လားရှိုးခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် လားရှိးမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်း၊ ကိုယ်ဝန်ဆောင်စောင့်မိခင်နှင့်ကလေးရှောက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည်အားဖြည့် ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက် (၁၅) နှစ် အောက်ကလေးများအား အထူးအစီအစဉ် (Special Immunization Activities)ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း စသည်ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး