တောင်ကြီး ဒီဇင်ဘာ-၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာနမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို နိုဝင်ဘာ(၂၇)ရက်မှ (၃၀)ရက်နေ့အထိ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ခုတင် (၅၀၀)၌ ခွဲစိတ်ကုသပေးကြကြောင်းသိရသည်။
အဆိုပါ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံခုတင် (၅၀၀)၌ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး(၈)ဦးမှ မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုခံယူပြီးစီးသွားသည့် ကလေးလူနာများကို ဒီဇင်ဘာ (၁)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသမှုခံယူပြီးသွားသော ကလေးလူနာများကို သွားကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများနှင့် သွား၊ခံတွင်းခွဲစိတ်ကုသမှုတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များမှ ကလေး၊လူကြီး(၂၄) ဦး လာရောက်ခွဲစိတ်ကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စဝ်စံထွန်းဆေးရုံကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၁)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် LA စက်ခန်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေး တာဝန်ခံတစ်ဦးက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ပြ ည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နှစ်စဥ် နိုဝင်ဘာလ(၂၅) ရက်မှ ဒီဇင်ဘာလ(၁၀)ရက် ကာလများသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်ကာလများဖြစ်ပါကြောင်း၊ ကျား၊မ ဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုပပျောက်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်ဗဟိုဌာန (Center for Women Global Leaderships) က နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် (၁၆) ရက်တာလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဥ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၂၀၂၅ ခုနှစ် ဆောင်ပုဒ်
မှာ “UNiTE to End Digital Violence Against All Women and Girls´´ အား “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး ´´ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်အတိုင်း အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ရပ်တန့်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးကို ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် စေတနာ့ဝန် ထမ်းပုဂ္ဂိုလ်များအားလုံး အတူ ပူးပေါင်းဆောင်ရွက် ပေးကြရန်ပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွင် Awareness Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများနှင့် ပရဟိတဂေဟာမှ အမျိုးသမီးလေးများက ကပြဖျော်ဖြေတင်ဆက်ကြရာ အမှတ်(၈)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အင်းတိုင်းရင်းသားအကဖြင့်လည်းကောင်း၊ ပရဟိတဂေဟာမှ သမီးငယ်လေးများက ပအိုဝ်းအကဖြင့် လည်းကောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက အေရိုးဗစ်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ကပြဖျော်ဖြေပေးသည့် အဖွဲ့များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ညိုမီစောနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့်တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး