
ပင်လောင်း နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုပုံးမြိုနယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေး အားလုံးကူညီဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ အမှိုက်ခွဲခြားစွန့်ပစ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၁၈)ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက နေရာဒေသများမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်အမျိုးအစားများ၊ စနစ်တကျခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများ၊ အမှိုက်အမျိုးအစားများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင် သက်ရောက်မည့်ဆိုးကျိုးများ၊ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုစွန့်ပစ်ပစ္စည်းများအကြောင်းကို ဟောပြောသည်။
ထို့နောက် ဉာဏ်စမ်းမေးခွန်း အမေးအဖြေမေးမြန်းချက်များကို အဖြေမှန်အောင် ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင် လက်ဆောင်များပေးအပ်ပြီး၊ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် အမှိုက်အမျိုးအစားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး