
တောင်ကြီး နိုဝင်ဘာ-၁၈
အများပြည်သူ အပန်းဖြေအနားယူလမ်းလျှောက်နိုင်ရန်နှ င့်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်၍ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာ(၃)အား ကန်သန့်ရှင်းသာယာလှပရေးနှင့် အဆင့်တိုးမြင့်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၁၈)ရက် နံနက်(၇)နာရီခွဲက ကန်အတွင်းလျှောက်လမ်းများ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွန်ကရစ်လမ်းဆောင်ရွက်နေမှုနှင့် ကန်လျှောက်လမ်းတွင် ဆိုလာမီးတိုင်များ ဆောင်ရွက်မည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က ဆိုလာမီးတပ်ဆင်ရာတွင် ဆောင်ရွက်မည့်နေရာအား မှောင်ရိပ်ခိုမှုမရှိစေရန် ညပိုင်းတွင် မြေပြင်ကွင်းဆင်းကြည့်ရှုရန်မှာကြားပြီး တောင်ကြီးမြို့ View Point ကိုလည်း အများပြည်သူအပန်းဖြေနိုင်ရန်အတွက် သန့်ရှင်းရေးလုပ်ငန်းနှင့် သာယာလှပရေးအတွက် ပန်းအလှများစိုက်ပျိုးပေးကြရန် လိုအပ်ပါကြောင်း၊ ရှိပြီး အပန်းဖြေနေရာများကိုလည်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းတာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်း (အ.မ.ကဇလဲကျောင်းရှေ့မှ ထီသိမ်ကျောက်တန်း ရေထွက်လမ်းဆုံအထိ) ကိုယ့်အားကိုယ်ကိုး ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြို့နယ်စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်ရာတွင် လမ်းနှင့်မလွတ်ကင်းသည့် ဆက်သွယ်ရေးတိုင်များကို နေရာပြောင်းရွေ့ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ရေနုတ်မြောင်းများလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ထီသိမ်ဘူတာအနီး View Point ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရထားလမ်းနှင့် စိုက်ပျိုးထားရှိသည့် သစ်ပင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး