
ဟိုပုံး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးလေးလွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက မြန်မာနိုင်ငံတွင်တွေ့ရှိရသော သစ်တော အမျိုးအစားများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများ၊ ရေချို၏အရေးပါပုံနှင့် ရေချိုကိုချွေတာသုံးစွဲရန်လိုအပ်ပုံ၊ ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ် ရေးနည်းလမ်းများစသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေသည်။
ထို့နောက် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက မီးခိုးမြူငွေ့အဓိပ္ပာယ်နှင့် မီးခိုးဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများနှင့်ဆိုးကျိုးများ၊ ကာကွယ်နိုင် သည့်နည်းလမ်းများ၊ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့် စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး တွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင် အမှိုက်ပုံးတွင် လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက် ဖျန်းဆေးရည် များ၊ အိမ်သုံးဓာတု စွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိအမှိုက်များအတွက် အနီရောင် အမှိုက်ပုံးတွင် လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီးနောက် မီးခိုးမြူငွေ့အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး