
တန့်ယန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ – ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကာ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသစ်ထွန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်တို့က လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၈)၊ ပုဒ်မခွဲ(ခ)အရ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းအကြောင်း ရှင်းလင်းပြောကြားကြပြီး အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပါဝင်ဆွေးနွေးခဲ့ကြသည်။
မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းများတွင် ပါရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး