
လားရှိုး နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သစ်တောဝင်းအတွင်းရှိ ချယ်ရီရိပ်သာရှင်းလင်းဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးစိုင်းဝင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သစ်တောဦးစီးဌာနမှ တွဲဖက်ပြည်နယ်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ” သိကောင်းစရာများအား ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအသုံးအဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လားရှိုးမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လားရှိုးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦး က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခိုင်မာမှန်ကန်သည့် မဲစာရင်းဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထိန်ဝင်းက မဲစာရင်းကောက်ယူခဲ့သည့်အခြေအနေများနှင့် ဒုတိယအကြိမ်မဲစာရင်းကပ်ထားရာ တွင် မှန်ကန်မှုရှိစေရေး စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ အတွင်းရေးမှူး ဦးစိုးသိန်းဇော် က ဒုတိယအကြိမ် မဲစာရင်းကပ်ထားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁၄)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း နှင့် အဖွဲ့ဝင် ၃ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းဝင်းမြင့် နှင့် အဖွဲ့ဝင် ၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းဘသန်းနှင့် အဖွဲ့ဝင် ၂ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးနှင့် အဖွဲ့ဝင် ၄ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှ ပါတီဌာနချုပ် ဥက္ကဋ္ဌ ဦးယန်ကျင်းကန် နှင့် အဖွဲ့ဝင် ၄ ဦး၊ “ဝ”အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခွန်းနှင့် အဖွဲ့ဝင် ၃ ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု ၁၃ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအပါအဝင် ၂၆ ဦး၊ စုစုပေါင်းတက်ရောက်သူ ၈၄ ဦးဖြင့် လားရှိုးမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြပြီး လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု တစ်စု စုစုပေါင်း ၁၃ နေရာရှိပြီး မဲရုံစုစုပေါင်း ၆၆ ရုံဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကာ အဆိုပါနေရာများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများအား နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာနေရာများတွင် ကပ်ထားကြေညာမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး