
မိုင်းဆတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီး ကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေရန် ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (အလက-၁)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် တာဝန်ရှိသူတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အထက(မိုင်းဆတ်)၊ အထက-ခွဲ(အလက-၁)နှင့် အထက-ခွဲ(အလက-၂)ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အထက-ခွဲ(အလက-၁) ကျောင်းသား ကျောင်းသူများ က “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့”တေးသီချင်းဖြင့် သရုပ်ဖော်ကပြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အမှာစကားပြောကြားကာ မြို့ပေါ်ရှိကျောင်း(၇)ကျောင်း၏ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့ နောက် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကာ အထက-ခွဲ(အလက-၂)ကျောင်းသား ကျောင်းသူများက “ရွှေလက်ကမ်း၍ ကြိုနေမယ်”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး လူငယ်စကားဝိုင်းကျင်းပ သည်။ ယင်းနောက် တာဝန်ရှိသူတို့က ကျပန်းစကားပြော၊ စာစီစာကုံးနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူတို့ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အထက(မိုင်းဆတ်) ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြ ပြီ” တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ကျောင်းသားကျောင်းသူများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်း(၈)ခန်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှု၊ စတုဒိသာ ကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။နေ့လယ်ပိုင်းတွင် မြို့ပေါ်ရှိကျောင်း(၆)ကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြပွဲပြိုင်ပွဲများ ဆက်လက်ကျင်းပပြီး ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြော နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး