
တောင်ကြီး နိုဝင်ဘာ-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်သား၊ သင်တန်းသူများက သြဝါဒခံယူခြင်းကို နိုဝင်ဘာ(၁၂)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သြဝါဒစကားပြောကြားရာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) သင်တန်းဝင်ခွင့်ရ မောင်တို့၊ မယ်တို့အနေဖြင့် မကြာမီအချိန်မှာ သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်များကို သွားရောက်ကြမှာဖြစ်သည့်အတွက် လမ်းခရီးတွင်ကြီးကြပ်သူဆရာများနှင့် တာဝန်ရှိသူများ၏ မှာကြားချက်များ၊ စည်းကမ်းများကို အသိ၊ သတိ၊ ဆင်ခြင်တုံတရားဖြင့် တိတိကျကျလိုက်နာကြရန် မှာကြားလိုကြောင်း၊ သင်တန်းတက်ရောက်နေစဥ်ကာလအတွင်း သင်တန်းကချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို တိကျလေးစားစွာ အလေးအနက်ထားလိုက် နာသွားကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာ ညီအစ်ကို၊ မောင်နှမ သဖွယ်နေကြရန် မှာကြားလိုကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံတက်ရောက် ကြသည့် ကျောင်းတော်ကြီးမှာ စာပေပညာရပ်များကိုသာမက ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်များ၊ ခေတ်နှင့်လျော်ညီသည့် အတတ်ပညာဘာသာရပ်များကိုပါ သင်ကြားပေးမှာဖြစ်သည့်အတွက် ပညာရပ်အားလုံးကို စိတ်ပါဝင်စားစွာသင်ယူကြရန်နှင့် နောင်တွင် မောင်တို့မယ်တို့ တာဝန်ထမ်းဆောင်မည့် လုပ်ငန်းခွင်ထိ လက်တွေ့အသုံးချ လိုက်နာကျင့်သုံးကြရန် အထူးမှာကြားလိုကြောင်း၊ ပြည်ထောင်စုသားအချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်းစာနာထောက်ထားခြင်းနှင့် နားလည်သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမွန်သည့်အခြေခံကောင်းဖြစ်၍ အချင်းချင်းပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချီးမြှင့်ငွေပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်နှစ်ဦးမှ လက်ခံရယူကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တက်ရောက်မည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအားရင်း ရင်းနှီးနှီးနှုတ်ဆက်ကြသည်။ အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ ရှမ်း ပြည်နယ်မှ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၁၁၅) ဦး ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး