သီပေါ နိုဝင်ဘာ-၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ(၁၀)ရက်၊ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို သီပေါမြို့နယ်ခန်းမတွင်ကျင်းပသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သီပေါမြို့ကို မူလပကတိအတိုင်း ဖြစ်ရန်အတွက် ဆောင်ရွက်ရမည်ဖြ၀်ကြောင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ သောက်ရေသုံးရေရရှိရေး၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း နဂိုမူလအတိုင်းဖြစ်ရန်ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အချိန်ယူပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများကလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများကဦးဆောင်၍ လိုအပ်သည်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများပုံမှန်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နဂိုမူလအတိုင်းရောက်ရှိအောင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲလည်း လွတ်လပ်စွာတရားမျှတပြီး မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ကဒ်ပြားရှိရန်လိုအပ်သဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ သီပေါမြို့ကို နဂိုမူလအတိုင်း ဖြစ်အောင်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများတစ်ခုတည်းသာမဟုတ်ဘဲ ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ကုလားပဲတို့ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေးအပ်ရာ ဒေသခံပြည်သူများမှ အသီးသီးလက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ခဲ့ကြသည်။
၎င်းနောက် သီပေါမြို့စည်ပင်သာယာရေးဌာနရုံး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ဆီ၊ဆားများရရှိရေးကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပျက်စီးသွားသည့်နေရာများကို အရောင်ကာလာ ပိုင်းခြားသတ်မှတ် ဆောင်ရွက်ပေးကြရန်၊ ကနဦးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဌာနဆိုင်ရာများ အနေဖြင့် ဦးစားပေးဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများပြန်လည်ရောက်ရှိတာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ခရိုင်မြို့၊ မြို့နယ်ဌာဆိုင်ရာများမှ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အခက်အခဲရှိပါက တင်ပေးကြရန် အုပ်ချုပ်ရေးယန္တရာယ်းပိုင်းတွင်လည်း အမြန်ဆုံးဆောင်ရွက် ပေးရန်နှင့် အုပ်ချုပ်ရေးမှူးများမရှိသေးသည့်နေရာများတွင် အမြန်ခန့်အပ်ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲရှိပါကတင်ပြပေးကြရန်တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေကျောင်းရပ်ကွက်ရှိ သီပေါ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို အားပေးစကားပြောကြား၍ အာဟာဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆေးရုံအတွင်း ရွှေ့လျားခွဲစိတ်ခန်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကလေးများအား ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်အားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံရှိ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ ကုန်းတော်ဘုန်းတော်ကြီးကျောင်း၌ ယာယီရုံးဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့သွားရောက်၍ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအတွက် ဆောင်ရွက်ပြီးသော နိုင်ငံရေးစိစစ်ကဒ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်ရှိ မီးသတ်ဦးစီးဌာနသို့သွားရောက်၍ မီးသတ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ မြန်မာရပ်ကွက်ရှိ မြို့လယ်ရွှေစေတီကျောင်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက်ကာ ဆရာတော်၊ သံဃာတော်များအား ဖူမြော်ကြည်ညို၍ မြို့လယ်ရွှေစေတီကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တကောလိန္ဒသာရ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ထံ ငါးပါးသီလခံယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆန်၊ ဆီ၊ ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် သီပေါမြို့ဇာတ်စုရပ်ကွက်ရှိ မြို့မရဲစခန်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြား၍ ရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာသို့ သွားရောက်ကြည့်ရှု၍လည်းကောင်း၊ အကျဥ်းဦးစီးဌာနသို့သွားရောက်ကြည်ရှုစစ်ဆေး၍ ဝန်ထမ်းများကို အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေပေးအပ်ခဲ့၍ လည်းကောင်း၊ သီပေါမြို့ တောင်မြို့ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူလေးများအား ကာကွယ်ဆေးထိုးနှံနေမှု၊ ကျောင်းသား၊ ကျောင်းသူများစာသင်ကြားနေမှုနှင့် အဆင့်မြင့်ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်နေမှုတို့ကို ကြည့်ရှုပြီး စာကြည့်တိုက်အတွက် အလှူငွေနှင့် ကျောင်းရှိဆရာ၊ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူ ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘော်ကြိုကျေးအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ပေါ်ကြိုမုဋ္ဌောစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်ပြီး စေတီတော်ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပေးရာ ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး