
တောင်ကြီး နိုဝင်ဘာ-၇
(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို နိုဝင်ဘာလ (၇)ရက်၊ နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ဌာန၏မူဝါဒများဖြစ်သည့် နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့်ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးဆိုသည့်အချက်များချမှတ်ပြီး ဌာနလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်မောင်းနှင်ပေးသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာမှု အဆင့်ဆင့်အရ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းစဥ်များနှင့်အညီ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အား ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဥ်များ အောင်မြင်ရေးအတွက်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများကောက်ယူပြုစုခြင်းနှင့် မဲစာရင်းမှန်ကန်ရေးလုပ်ငန်းစဥ်များ၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်အဆင့်ဆင့်တွင်လည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိသည်ကိုတွေ့ရပါကြောင်းပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်အုပ်ချုပ်ရေးသမိုင်း Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုကြပြီး ထူးချွန်ဆုရဝန်ထမ်းများအား ရှမ်းပြည် နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကံစမ်းမဲလက်မှတ်များ ဖွင့်ဖောက်ပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး